မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးရမယ့်အပေါ် အဆိုတော် ပိုပိုက ကိုယ်တိုင် မဲစာရင်း သွားစစ်ခဲ့ပြီး နိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေပွန်အောင် မဲပေးသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပိုကိုယ်တိုင် မဲစာရင်း သွားစစ်ခဲ့တယ်။ သွားစစ်တော့ နာမည်မပါဘူး။ ဟိုဘက်အိမ်ရော ဒီဘက်အိမ်မှာရော ပိုပို့ နာမည် မပါတာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်နဲ့ ပေးခဲ့တယ်။ နိုင်ငံသားတယောက်အနေနဲ့ မဲ ထည့်ရမယ်လေ။ တာဝန်ရှိတယ်။ တခြားသူတွေလည်း စစ်တဲ့ ကာလတော့ ကျော်သွားပြီပေါ့။ ပိုပိုကတော့ နာမည်မပါလို့ ပြောခဲ့တယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် ပိုပိုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို မဲပေးသွားမယ်လို့ ပြောပါတယ်။
“ပိုပိုတို့ကတော့ အရင်နှစ်ကလည်း အမေစုကို ပေးတယ်။ ဒီနှစ်လည်း အမေစုပါပဲ။ အမေစုပဲ ပေးမှာပါ။ အမေစုက သန်းခေါင်စာရင်းမှာ သူတယောက်တည်းလို့ ပြောတော့ တော်တော် စိတ်မကောင်းဖြစ်ရတယ်။ ပိုလည်း တယောက်တည်းဆိုတော့ ရင်ဘတ်ချင်း တိုက်ဆိုင်တယ်။ အမေစုနဲ့ ၂ ခေါက်တိတိ အပြင်မှာ ကြုံဖူးပါတယ်”
“အနုပညာရှင်တွေကလည်း များတယ်။ အမေစုနဲ့က အားလုံးကတော့ ဓာတ်ပုံရိုက်ချင်ကြတာပေါ့။ အမေစုနဲ့ အတူတူ ရိုက်ရင် အမေစုကို အားနာလို့ အဝေးကနေ Selfie ပဲ ရိုက်လိုက်တယ်။ ကိုယ်တွေတောင် ပရိသတ်တွေက ပုံတွေရိုက်နေတယ်။ ကိုယ့်မှာတော့ ဗိုက်ကဆာ ခြေထောက်ကနာ အဲ့လို အချိန်မျိုးတွေ ရှိတာဆိုတော့ အမေ့ကိုလည်း ကိုယ်ချင်းစာပြီး ပင်ပန်းမှာစိုးလို့ ပုံတွဲ မရိုက်ခဲ့ဘူး”လို့ ပိုပိုက ပြောပါတယ်။
မဲဆွယ်စည်းရုံးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိပေမယ့် မလုပ်ခဲ့ဘူးဆိုတဲ့ ပိုပိုက NLD က လုပ်တဲ့ နေရာမှာတော့ မေတ္တာနဲ့ပဲ မဲဝိုင်းဆွယ်ပေးတယ်လို့ ဆိုပါတယ်။
“အနုပညာရှင်တွေကို မဲဆွယ်ဖို့ ပြောတာတွေ ရှိတယ်။ မလုပ်ဖြစ်ခဲ့ဘူး။ အရင်ကတော့ ကြုံဖူးပါတယ်။ ကမ်းလှမ်းခဲ့ပေမယ့် မဆိုခဲ့ဘူး။ NLD ကလုပ်တဲ့ နေရာမှာတော့ မေတ္တာနဲ့ပဲ မဲဝိုင်းဆွယ်ပေးတယ်။ ဒီနှစ်လည်း အနုပညာရှင်တွေ အများကြီးပါတဲ့ သီချင်းလေးမှာ ပါဝင် သီဆိုပေးမယ်။ အဲ့သီချင်းလေးကိုတော့ မသံသာဝင်း ရေးတာ”
“အမေစုကို အားကျတာတွေ အများကြီးရှိတယ်။ အမေစုက မိသားစုကို ပစ်ပြီး တိုင်းပြည်ကို ချစ်တယ်။ ပိုတို့ အဲ့လောက်ထိ မချစ်နိုင်ဘူး။ အမေကတော့ တကယ့်မေတ္တာရှင်ကြီးပါ။ အမေစုက ဘာသာစကားတွေ အများကြီးတတ်တယ်။ နောက် ဘာသာရေး အရမ်းလုပ်ပြီး တရားတွေ ထိုင်တယ် ကြားတယ်။ အဲ့ဒါတွေ လေးစားအားကျရတယ်”လို့ ပိုပိုက ပြောပါတယ်။
ပရိသတ်တွေ မဲပေးကြဖို့ကိုလည်း ပိုပိုက တိုက်တွန်းခဲ့ပြီး အနာဂတ် ကလေးတွေရဲ့ မျက်နှာကို ကြည့်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပေးပါလို့ ဆိုပါတယ်။
“ပရိသတ်တွေကို ပေးချင်တဲ့သူ ပေးပါ။ ဒါပေမဲ့ အနာဂတ် ကလေးတွေ၊ သားကောင်း၊ သမီးကောင်းတွေအတွက် သူတို့ မျက်နှာကိုကြည့်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တော့ ချစေချင်တယ်။ နိုင်ငံခြားတွေ သွားရင် မြန်မာတွေဆို မျက်နှာ အရမ်းငယ်ရပါတယ်။ မြန်မာတွေကို အိမ်ဖော်တွေ၊ အလုပ်သမားတွေပဲ ထင်ကြတာ။ အမေ့ကြောင့် မျက်နှာ အရမ်းရတယ်။ ကိုယ် ဘယ်ပါတီကို ပေးမလဲဆိုတာ နှလုံးသားနဲ့ ဆုံးဖြတ်ပြီးပေးကြပါ”လို့ ပိုပိုက ပြောပါတယ်။
You may also like these stories:
“ပဋိပက္ခ” သီချင်းနဲ့ Coach တွေကို အံ့သြစေခဲ့တဲ့ ယုဇန
“ညှို့သောပင်လယ် ဆွဲငင်သောလမင်း”ရဲ့ မူရင်းအဆိုတော် Rဇာနည်နဲ့ မီးမီးခဲဖြစ်
“ပျော်အောင်ထားမယ် စိတ်ချပါ” သီချင်းကို ပရိသတ်အားပေးလို့ ဝမ်းသာနေတဲ့ ဟဲလေး