Disney ရဲ့ “Mulan” ရုပ်ရှင်ဟာ တရုတ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ရေး ရုံတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံက နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တရုတ်နိုင်ငံတွင်းမှာ အဲ့ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ အထူးစိတ်လှုပ်ရှားနေကြပေမယ့် သုံးသပ်ချက်တွေမှာတော့ တော်တော်လေး ဆိုးရွားနေတာ တွေ့ရပါတယ်။
အဲ့ဒီ ရုပ်ရှင်ရဲ့ အမေး၊ အဖြေ ဝက်ဘ်ဆိုက် Zhihu မှာ အသုံးပြုသူတဦးက “ကျနော်တို့ အနောက်တိုင်းတရုတ်စားသောက်ဆိုင်ကို သွားရတဲ့ ခံစားချက်မျိုးပါပဲ။ တော်တော်လေးကို ဆိုးရွားတဲ့ တရုတ်ဟင်းလျာကို စားလိုက်ရသလိုပါပဲ” လို့ ဆိုပါတယ်။
“Mulan” ရုပ်ရှင်ဟာ နာမည်ကျော် ကာတွန်းရုပ်ရှင်ကို ပြန်လည် အသက်သွင်းထားတဲ့ Disney ရဲ့ Remake ရုပ်ရှင် ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်မှာတော့ အနောက်တိုင်းဟန်ကို နည်းနည်းပဲ တွေ့ခဲ့ရပါတယ်။ ဖခင်အစား စစ်တပ်ထဲ ဝင်ခဲ့တဲ့ အမျိုးသမီးတဦးရဲ့ဘဝကို ပုံဖော်ထားတဲ့ အဲ့ဒီကာတွန်းရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာလည်း အခြေအနေ မကောင်းခဲ့ပါဘူး။
ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ အမျိုးသမီးတဦးကနေ ရိုက်ကူးခဲ့တဲ့ ဈေးအကြီးဆုံး ရုပ်ရှင်နဲ့ ကာတွန်းဇာတ်လမ်းကို ပြန်လည် ရိုက်ကူးထားတဲ့ ဈေးအကြီးဆုံး ရုပ်ရှင်တကား ဖြစ်လာခဲ့ပါတယ်။ Disney ကတော့ ကပ်ရောဂါကြောင့် လပေါင်းများစွာ အချိန်ရွှေ့ဆိုင်းခြင်း မပြုခဲ့ရခင်ကတည်းက ရုံတင်တဲ့အခါ မုချအောင်မြင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လမှာကတည်းက ရုပ်ရှင်ရုံတွေကို စတင်ဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ Disney+ ဝန်ဆောင်မှု မရရှိတဲ့အတွက် ရုံတွေမှာ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ကျမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သုံးသပ်ချက်တွေကြောင့်လည်း အဲ့ဒီရုပ်ရှင်ကို တရုတ်နိုင်ငံမှာ ကြည့်မယ့်သူ ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ Disney+ ကနေ ကူးယူရိုက်ကူးထားတဲ့ Mulan ရုပ်ရှင်ရဲ့ဗီဒီယိုတွေကို တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေပြီ ဖြစ်ပါတယ်။ တချို့လူတွေဆိုရင် ရုပ်ရှင်ကို ရုံမတင်ခင် ကြည့်ရှုပြီး တရုတ်သုံးသပ်ရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ Douban မှာ မှတ်ချက်တွေ လာပေးနေကြပါတယ်။
အဲ့ဒီဝက်ဘ်ဆိုက်မှာ Mulan ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက် ၅ သောင်းကျော် ရှိနေပေမယ့် အမှတ် ၁၀ မှတ်မှာ ၄ ဒသမ ၈ မှတ်ပဲ ရတဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။ ဇာတ်ကောင်တွေကို နေရာချမှုနဲ့ ဇာတ်လမ်းရဲ့ အသေးစိတ်ကျမှုတွေက တော်တော်ဆိုးရွားတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
ဒါ့အပြင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို ရုပ်ရှင်ထဲမှာ အသုံးပြုမှုနဲ့ ပတ်သက်လို့ ဘဝင်မကျသူတွေလည်း ရှိနေပါတယ်။
Ref: asiaone
You may also like these stories:
Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise
အမေရိကန် ရုပ်ရှင်ရုံတွေမှာ “Tenet” ရုပ်ရှင် ဒေါ်လာ သန်း ၂၀ ကျော် ဝင်ငွေရ
BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ