MNTV ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ မိုးနတ်သားအဖြစ် ပါဝင်တဲ့ ခါရာက ဒီဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်ဆန်တဲ့ကား ဖြစ်တာကြောင့် စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော့် ထုတ်လုပ်ရေးရော၊ Team တွေရော အကုန်လုံး ကြိုးစားထားတဲ့ ကားလေးပါ။ စိတ်ကူးယဉ် ဆန်တဲ့ကားလေး ဖြစ်တာကြောင့် စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ ဝေဖန်ပြောနေကြတာတွေ တွေ့တယ်။ တယောက်နဲ့ တယောက်ကတော့ အမြင်က တူမှာ မဟုတ်ဘူးလေ။ ဒီလို ခေတ်ဆန်တဲ့ ကားမျိုး ကိုရီးယားတို့ ထိုင်းတို့က စပြီး ရိုက်လို့ သူတို့ Trend ဖြစ်နေတာပေါ့”
“တကယ်တမ်းတော့ ကျနော်တို့ ဇာတ်လမ်းက စိတ်ကူးထဲက ဇာတ်လမ်းလေး ဖြစ်တယ်။ အဲ့အတွက် ကြောင့် ဒီထဲမှာပါတဲ့ မြင်ကွင်းတွေက ကျနော်တို့ စိတ်ကူးထားတဲ့ မြင်ကွင်းတွေပါ။ တရုတ်ကားနဲ့ တူတယ်လို့ ပြောကြတာ Teaser စကြည့်ပြီး တရုတ်ကားနဲ့ တူလို့သာ ဒီလိုတွေ ပြောကြတယ်လို့ ထင်ပါတယ်။ နောက်ပိုင်း ကြည့်ရင်း သိလာကြတော့ သိပ်မပြောကြတော့ဘူး”လို့ ခါရာက ပြောပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်တဲ့ နတ်မင်းကြီးတွေ နေရာမှာ အသက်ကြီးတဲ့ သရုပ်ဆောင်တွေ သုံးထားတဲ့အပေါ် ဝေဖန်မှုရှိခဲ့တဲ့ အကြောင်းလည်း ခါရာက အခုလို ဆိုပါတယ်။
“နတ်အိုကြီးတွေကို သုံးတယ်ဆိုပြီးပြောကြတယ်။ ကျနော်တို့ စိတ်ကူးထဲက နတ်သားကြီးက နတ်သက်ကြွေတော့မှာဆိုတော့ နည်းနည်း အိုတဲ့ဘက်ကို ရွေးထားတာပေါ့။ ပုံပြင်ထဲကလည်း မဟုတ်၊ ဒဏ္ဍာရီထဲကလည်း မဟုတ်တော့ စိတ်ကူးထဲက အတိုင်းပဲ ပုံဖော် ဖန်တီးထားတာ”
“တော်တော်များများက ဖတ်ဖူးတဲ့ နတ်မင်းတွေက နတ်သက်ကြွေတဲ့အထိ ရုပ်ရည်က တမျိုးတည်းပဲ။ အိုတာတွေ ပြောင်းလဲသွားတာတွေ မရှိဘူးလို့ သိကြမှာပေါ့။ ကျနော်တို့ကတော့ ပြောင်းလဲ ထားတယ်။ အဲ့အတွက် နတ်မင်း အသက်ကြီးတာတွေကို သုံးထားတာပါ”လို့ ခါရာက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ပရိသတ်တွေ အရမ်း အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ခါရာက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်ကို အားပေးကြလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်လမ်းကို အကောင်းဆုံးကြိုးစား ရိုက်ကူးခဲ့တာကို အားပေးကြလို့ ကျေးဇူးတင်ရပါတယ်။ ကျနော့်ကို အခု မိုးနတ်သားလို့ပဲ ခေါ်တယ်။ အရမ်းဝမ်းသာတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ကာရိုက်တာ တခုကို ပရိသတ်တွေက စွဲသွားပြီဆိုရင် ကျနော့် ကာရိုက်တာကို ပရိသတ်တွေ လက်ခံ ယုံကြည်တယ်။ အောင်မြင်တယ်ပဲ ပြောရမယ်”လို့ ဆိုပါတယ်။
ခါရာကတော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုကို ကိုယ်တိုင် ပြန်ကြည့်ချိန်မှာ အားရမှုရှိတယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အွန်လိုင်းကနေ ပရိသတ်တွေနဲ့ Zoom Meeting လုပ်ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကျနော် တကယ်ဝမ်းသာရပါတယ်။ ကျနော့် သရုပ်ဆောင်မှုကို ပြန်ကြည့်ချိန်မှာ အားရမှု ရှိတယ်။ အွန်လိုင်းကနေ Fan meeting လုပ်ဖြစ်တာကအရင်တုန်းက ဇာတ်ကား မိတ်ဆက်တာတို့ လုပ်ကြတယ်။ အခုလို အချိန်မှာ တွေ့ချင်တယ်၊ တွေ့မရဘူး ဖြစ်နေတော့ အခုလို Zoom ကနေ Meeting လေး လုပ် ဖြစ်တာပါ”
“ပါဝင်ချင်တဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဒါပေမဲ့ ကျနော်တို့ အကန့်အသတ်နဲ့ ပါဝင်ခွင့်ရတဲ့အတွက် မပါခဲ့ရတဲ့သူတွေလည်း အားမငယ်ပါနဲ့။ နောက်ပိုင်းလည်း Fan meeting ထပ်လုပ်ဖို့ ရှိပါတယ်”လို့ ခါရာက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခါရာ၊ မိုးယံဇွန်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင်၊ မေသူထွန်း၊ ထက်ဦးထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး ရွှေရည်ရွှန်းလဲ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ မေဘရဏီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
You may also like these stories:
“နတ်ဝတ်စုံတွေက ဝတ်နေကျပုံစံ မဟုတ်ဘဲ အထူးအဆန်း ဖြစ်ခဲ့တယ်”
“နတ်ဝတ်စုံတွေက ကော်ပီယူ ချုပ်ထားတာ မဟုတ်ဘူး”လို့ ဒီဇိုင်နာ သျှတ္တရ ပြော
“မိုးနတ်မင်းကြီးကို စောင့်ကြည့်ပေးကြပါ”လို့ ဦးဝင်းမြိုင် ပြော
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက စိတ်ကူးယဉ် ဇာတ်လမ်းပါ