ဆယ်စုနှစ်တခုကျော် ကြာခဲ့ပြီးတဲ့နောက် နာမည်ကျော် “Keeping Up With The Kardashians” ရုပ်သံအစီအစဉ် ထုတ်လွှင့်မှုကို လာမယ့်နှစ်ထဲမှာ အဆုံးသတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Kim Kardashian West နဲ့ Kardashian-Jenner မိသားစုဝင်တွေက “အဲ့ဒီအစီအစဉ်ကနေ ကျမတို့ နှုတ်ဆက်စကားကို စိတ်နှလုံးသား အပြည့်နဲ့ ပြောလိုပါတယ်” လို့ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူတို့မိသားစုက “ဒီလိုအထူးခရီးလမ်းကို အဆုံးသတ်ဖို့ ကျမတို့ မိသားစု ဆုံးဖြတ်လိုက်ပါပြီ” လို့ မိသားစုက ဆိုရှယ်မီဒီယာမှာ ပြောဆိုပေမယ့် ဘာကြောင့် အဲ့ဒီလို ဆုံးဖြတ်လိုက်တာလဲဆိုတဲ့ ရှင်းလင်းချက်ကိုတော့ ပြောပြခဲ့တာ မရှိခဲ့ပါဘူး။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ “ကျမတို့ဟာ ကောင်းမွန်တဲ့အချိန်တွေ၊ ဆိုးရွားတဲ့အချိန်တွေ၊ ပျော်ရွှင်မှုတွေ၊ မျက်ရည်တွေ၊ ချစ်သူရည်းစားတွေနဲ့ ကလေးတွေ စတဲ့ နှစ်တွေအားလုံးမှာ ကျမတို့ကို ကြည့်ရှုပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအစီအစဉ်မှာ Kardashian West အပြင် Kris Jenner ၊ Kendall Jenner နဲ့ Kylie Jenner ၊ Kourtney Kardashian ၊ Khloe Kardashian ၊ Rob Kardashian နဲ့ Scott Disick တို့နဲ့ ပါဝင်နေကြတာဖြစ်ပါတယ်။
ဒါဟာ မွေးနေ့ပွဲပါတီတုန်းက Kardashian West ခင်ပွန်း အဆိုတော် Kanye West က အမေရိကန်သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်ကို ထုတ်လွှင့်နေတဲ့ E! network ကလည်း ဒါဟာ ရွှေ့ဆိုင်းထားတဲ့ နှုတ်ဆက်မှုလို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ရဲ့ Season အသစ်ကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ဖို့ရှိပြီး နောက်ဆုံး Season ကိုတော့ ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်ဟာ Kourtney And Khloe Take Miami နဲ့ Revenge Body With Khloe Kardashian အစီအစဉ် အပါအဝင် spin-off အစီအစဉ် ၁၂ ခုနဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလကစလို့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
Ref: CNA
You may also like these stories:
မင်းသား Sushant Singh ရဲ့ချစ်သူ မင်းသမီး Rhea Chakraborty အဖမ်းခံရ
Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise
“Mulan” ရုပ်ရှင် ဆိုးရွားတဲ့ သုံးသပ်ချက်တွေ ရင်ဆိုင်နေရ