မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးရမယ့်အပေါ် သရုပ်ဆောင်ကျော်သူက အနာဂတ်ကို သာယာချင်တယ်၊ ငြိမ်းချမ်းချင်တယ်ဆိုရင် ဘယ်အဖွဲ့ကို မဲပေးရမယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါလို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့က ဖြတ်သန်းခဲ့တဲ့ နှစ်တွေ များလာပြီ။ ဘယ်ခေတ်မှာ ဘယ်လို အဖိအနှိပ် ခံရတယ်။ ဘယ်ခေတ်မှာ ဘယ်လို စားဝတ်နေရေးတွေ ခက်ခဲတယ်ဆိုတာ အကုန်လုံးလည်း သိပြီးပြီ။ လူငယ်တွေ အနေနဲ့ကတော့ နားမယောင်ကြဖို့ အရေးကြီးတယ်။ လူကြီးတွေ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို လေ့လာပါ။ ဘယ်အဖွဲ့က ဘယ်လိုပေးသင့်တယ်ဆိုတာ သိဖို့ အရေးကြီးတယ်”လို့ ကျော်သူက ပြောပါတယ်။
“မဲမပေးလို့တော့ မဖြစ်ဘူး။ ကျနော်တို့ အနာဂတ်ကို သာယာချင်တယ်။ ငြိမ်းငြိမ်းချမ်းဖြစ်ချင်တယ် ဆိုရင် ဘယ်အဖွဲ့ကို ပေးရမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပေါ့”လို့ ကျော်သူက ဆိုပါတယ်။
ဆက်လက်ပြီး ကျော်သူက ကိုယ်တိုင်ကလည်း ရုပ်ရှင်လောကသားစစ်စစ် ဖြစ်တဲ့အတွက် ရုပ်ရှင်လောကမှာ လွတ်လပ်စွာ ရိုက်ကူးခွင့်ရဖို့ ဘယ်အစိုးရကို မဲပေးရမလဲဆိုတာ အဖြေရှိပြီးသားလို့ ပြောပါတယ်။
“ကျနော်ကတော့ ရုပ်ရှင် လောကသားစစ်စစ်၊ ရုပ်ရှင်လောကမှာ ရိုက်ချင်သလို ရိုက်လို့မရဘူး။ ဆန်းဆန်းပြားပြားလည်း လုပ်ခွင့် မရခဲ့ဘူး။ အဲ့လို အုပ်ချုပ်မှုတွေကို ကျနော်တို့က ကြောက်လာပြီ။ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရဖို့၊ အကျိုးရှိတဲ့ကားတွေ ရိုက်ခွင့်ရဖို့ ဘယ်အစိုးရကို မဲပေးရမယ်ဆိုတာ ကျနော်တို့က အဖြေကရှိပြီးသား”
“နောက် ကျနော်က ဘာသာရေး လုပ်တော့ ဘာသာရေးကို အေးအေးချမ်းချမ်း အပူပင်ကင်းစွာ ကိုယ့်တရား ကိုယ်ရှာနိုင်ဖို့ မဲပေးသင့်တဲ့ အဖွဲ့ကို မဲပေးမှာပါ။ မဲလည်း ပေးကြပါ။ ဘယ်အဖွဲ့ကို ပေးရမလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ။ နားမယောင်ကြပါနဲ့။ နားယောင်တာများလို့ ပြည်သူ ဒုက္ခရောက်ခဲ့တာများပြီ”လို့ ကျော်သူက ဆိုပါတယ်။
မဲဆွယ် စည်းရုံးခွင့်ပြုလိုက်တဲ့အပေါ် လူစုလူဝေး မဖြစ်ဖို့လည်း အရေးကြီးတယ်လို့ ကျော်သူက ဆိုပါတယ်။
“ဆန္ဒမဲပေးဖို့က နိုဝင်ဘာဆိုတော့ မဲဆွယ်တဲ့ ကိစ္စကိုလည်း လုပ်ဖို့ လွှတ်တော်ကနေ တရားဝင် ကြေညာထားပြီဆိုတော့ မဲဆွယ်ဖို့ကတော့ NLD တင် မကဘူး။ တခြားအဖွဲ့အစည်းတွေလည်း စည်းရုံးကြပြီ။ စည်းရုံးကြချိန်မှာ အရေးကြီးတာတော့ လူစုလူဝေး မဖြစ်ဖို့ပဲ အရေးကြီးတယ်။ အမေစု ကော့မှူး သွားမယ့် အစီအစဉ်တွေ ဖျက်လိုက်တာ ကြိုက်တယ်”
“အမေသွားပြီဆိုရင် ရန်ကုန်က တော်တော်များများကလည်း လိုက်သွားရင် လူတွေ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လိမ့်မယ်။ အမျှော်အမြင်ရှိရှိနဲ့ မလုပ်တာလို့ ကျနော် မြင်တယ်။ ဒီလို မဲဆွယ် စည်းရုံးမှုတွေ မသွားပေမယ့် တပြည်လုံးကတော့ ရဲရဲတောက် ဖြစ်နေပဲလေ။ လူတွေ စိတ်ထဲမှာ အကုန်ရှိပြီးသားပါ။ ဘာကို မဲပေးရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သိပြီးသားပါ။ NLD အနေနဲ့ စည်းရုံးဖို့တောင် သိပ်မလိုပါဘူး”လို့ ကျော်သူက ပြောပါတယ်။
ဆက်လက်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နေတဲ့ အချိန် ဒီမိုကရေစီ စိတ်ဓာတ်တွေ မွေးကြဖို့ အရေးကြီးတယ်လို့ ကျော်သူက ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်၊ ကြည်ညိုတယ်၊ အားကိုးတယ်ဆိုရင် ဒေါ်စု စကားကို နားထောင်ဖို့ လိုတယ်။ ဒီထဲမှာ အဖျက်အမောက်ကလည်း ပါဦးမှာပဲ။ လူ ၅၀ ထက် ပိုမစုရဘူးဆိုတာကို ၁၀၀ ဖြစ်အောင် လှည့်ပြီးလုပ်ရင်လည်း လုပ်ကြမှာပဲ။ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေကတော့ ရှိကြမှာပဲ။ တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့ တဖွဲ့ ဒါတွေကတော့ ရှိကြမှာပဲ”
“ဒီဟာကို ပြည်သူလူထု အနေနဲ့ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ အရေးကြီးတယ်။ ၅၀ ထက် မကျော်ဖို့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အရေးကြီးတယ်။ လူထုကလည်း ခက်တာက တခုခုဆို အုံးအုံး ဝိုင်းအုံ ဝိုင်းကြည့်တယ်။ ဒါတွေကိုပါ ကိုယ့်အသိ စိတ်ဓာတ်နဲ့ စနစ်တကျလေး ဒီမိုကရေစီ လုပ်ကြဖို့ အရေးကြီးတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နေတဲ့အချိန် ဒီမိုကရေစီ စိတ်ဓာတ်တွေ မွေးကြဖို့ အရေးကြီးတယ်”လို့ ကျော်သူက ပြောပါတယ်။
You may also like these stories:
အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ
“စိတ်ကူးယဉ်ကားဖြစ်လို့ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်”လို့ ခါရာ ပြော
နိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေအောင် မဲပေးမယ့် အဆိုတော် ပိုပို