မိသားစု နေထိုင်ရာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ သရုပ်ဆောင် နိုင်းနိုင်းကတော့ ရန်ကုန် ပြန်ရောက်ရောက်ချင်း ဟိုတယ် Quarantine ဝင်ရောက်လျက် ရှိပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာတော့ ကိုဗစ် ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့တဲ့ အဖြေရလဒ် ထွက်ပေါ်လာခဲ့ပြီး ရောဂါပိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
“အခု ကျနော် စစ်ပြီးသွားပြီ။ ဘာမှ မရှိပါဘူး။ အရင်က Quarantine ကာလက ၃ ပတ်လို့ ပြောပေမယ့် အခုက ၂ ပတ်ဖြစ်သွားပါပြီ။ နောက် ၅ ရက်နေရင် ကျနော် အိမ်ပြန်လို့ရပါပြီ” လို့ နိုင်းနိုင်းက ပြောပါတယ်။
အဆိုပါ သူ့ရဲ့ဆေးစစ်ချက်ရလဒ်ကို သူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာကတဆင့် အသိပေးတဲ့အချိန်မှာ စိတ်လှုပ်ရှားနေတာကြောင့် မှားပြောခဲ့တဲ့အတွက် ပရိသတ်များ မစိုးရိမ်စေဖို့ Live လွှင့်ပြီး ပြန်လည် တောင်းပန်ခဲ့ပါတယ်။
“ပရိသတ်ကြီးလည်း ဒီရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်သည် လေယာဉ်တွေ အဆင့်ဆင့် စီးလာရတယ်။ ဟိုမှာ မိသားစုနဲ့ နေတဲ့အချိန်မှာ ဒီရောဂါပိုးကြီးက ကိုယ်ထဲကို ဘယ်လိုမှ ဝင်ဖို့မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ဟိုမှာ ကျနော်တို့နေတဲ့အရပ်က အရမ်းကို အေးဆေးတယ်။ လုံခြုံတယ်။ လူနေ အိမ်ခြေလည်း ကျဲတဲ့အတွက်ကို လုံခြုံတယ်” လို့ နိုင်းနိုင်းက ပြောပါတယ်။
ဆက်လက်ပြီး “ဒါပေမဲ့ ကျနော် လေယာဉ်တွေ အဆင့်ဆင့် စီးလာရတဲ့အခါကျတော့ ပြဿနာတော့နည်းနည်း ရှိတယ်။ တော်တော်များများက အဲ့မှာ ကူးကြတာ များတယ်။ လူအများနဲ့ ရှိတဲ့ နေရာကျရင် ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့က အရေးကြီးပါတယ်။ သတိလည်းရှိဖို့ အရေးကြီးပါတယ်” လို့ နိုင်းနိုင်းက ပြောပါတယ်။
တခြားနိုင်ငံကနေ ပြန်ရောက်လာတဲ့သူတယောက် ဖြစ်တာကြောင့် ကြောက်ကြမှာ ဖြစ်တာကိုလည်း နားလည်ပြီး တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံမှာ လူတဦးတယောက်ချင်းစီကို ဂရုစိုက်ပေးတဲ့အတွက် အသိအမှတ်ပြုပေးကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။
“ဘယ်သူပဲဖြစ်ဖြစ် ဟိုကနေ ဒီကိုလာတယ်ဆိုရင် များသောအားဖြင့် ကြောက်ကြတယ်။ ကြောက်လည်း ကြောက်စရာပဲလေ။ ဟိုနိုင်ငံမှာကလည်း သိတဲ့အတိုင်း သိပ်ဂရုမစိုက်ကြဘူး။ ပေါ့ပေါ့ဆဆပဲ နေကြတယ်။ ဒါတောင် တကယ့်နိုင်ငံတွေနော်။ ကျနော်တို့နိုင်ငံလို ဝန်ဆောင်မှုမျိုးတွေနဲ့ တယောက်ချင်းစီကို ဂရုစိုက်ဖို့က လုံးဝမရှိပါဘူး။ ဟိုရောက်တော့လည်း Home Quarantine နေတယ်။ တကယ်ဖြစ်ပြီဆိုမှ ဆေးရုံသွားကြတယ်”
“ကျနော်တို့ဆီမှာက တယောက်ချင်းစီ ဂရုစိုက်ပေးနေတာတောင် တချို့တွေ လုံးဝ ဂရုမစိုက်ကြဘူး။ ဆက်သွယ်ပေးပါဆိုရင် မဆက်သွယ်ကြဘူး။ ဒီမှာတယောက်ချင်းစီ လိုက်ပြီး ဂရုစိုက်ပေးတာတောင်မှ ပြန်အသိအမှတ်ပြုပေါ့နော်။ ပြည်သူတွေဘက်က ကျန်းမာရေးဝန်ထမ်းတွေကို စာနာသောအနေနဲ့ ကူညီပေးလိုက်ရင် အဆင်ပြေသွားမှာပါ” လို့ နိုင်းနိုင်းက ပြောပါတယ်။
ပိုးတွေ့ရှိသူ လူနာစာရင်းကလည်း တနေ့ထက်တနေ့ ပိုများလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လူမနိုင်တာကို စိုးရိမ်မိပြီး တဦးချင်းစီ ဂရုစိုက်ကြပါလို့ ဆိုပါတယ်။
“အစစအရာရာ ဂရုစိုက်ဖို့ အရမ်းကြီးပါတယ်။ အဓိကက ဘယ်သွားသွား Mask ကို တပ်ပါ။ မချွတ်ပါနဲ့။ အထူးသဖြင့် လိုင်းကားစီးနေတဲ့သူတွေပေါ့။ မလွဲသာ မရှောင်သာ လူကြားထဲ သွားလာ အလုပ်လုပ်နေရတဲ့သူတွေ Mask ကို ဝတ်ကြပါ။ အခုက တဆထက်တဆ ပိုများလာပြီ။ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ပေးတဲ့နေရာတွေကလည်း လူများလာရင် မလုံလောက်မှာကို စိုးရိမ်ရတယ်”
“ကျနော်တို့နိုင်ငံမှာကလည်း အဖက်ဖက်က လိုလေသေးမရှိ လိုက်လုပ်ပေးတယ်ဆိုပေမယ့် တကယ်တမ်း ဖြစ်လာရင် လူမနိုင်မှာကို စိုးရိမ်ရတယ်။ ကျနော်တောင်မှ လူတွေအများကြီး ကူးစက်နေတဲ့နိုင်ငံက ပြန်လာတယ်။ ဒါပေမဲ့ ကျနော့်မှာ ဘာမှ မရှိပါဘူး။ ကျနော် အသိသတိနဲ့ ကာကွယ်တယ်။ ကျနော့် မိသားစုကိုလည်း အတတ်နိုင်ဆုံး သတိပေးတယ်” လို့ နိုင်းနိုင်းက ပြောပါတယ်။
နိုင်းနိုင်းကတော့ မိသားစုရှိတဲ့ အမေရိကားကိုတော့ လွန်ခဲ့တဲ့ ၁ လခန့်က သွားရောက်ခဲ့တာဖြစ်ပြီး ၁ လကျော် သွားရောက် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်းနိုင်းမှာတော့ သားတယောက်၊ သမီး ၃ ယောက်နဲ့အတူ ပျော်ရွှင်စရာ မိသားစုတခုကို ပိုင်ဆိုင်ထားပြီး သူကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်များ အားလပ်တဲ့အချိန်တွေမှာ မိသားစုထံ သွားရောက်လေ့ ရှိပါတယ်။
You may also like these stories:
အမေရိကားက ပြန်လာပြီး Quarantine ၃ ပတ် ဝင်နေတဲ့ နိုင်းနိုင်း
“ချစ်တဲ့သူများအတွက် အသက်ရှင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”လို့ နိုင်းနိုင်း ပြော
“ဒီအချိန်မှာ ကောလာဟလ သတင်းတွေ မထွက်စေချင်ဘူး”လို့ စန္ဒီမြင့်လွင် ပြော