အမေရိကန် ကေဘယ်ရုပ်သံသမိုင်းမှာ လူကြည့်နှုန်းအများဆုံး စီးရီးဖြစ်ခဲ့ဖူးတဲ့ “The Walking Dead” စီးရီးဟာ နောက်ဆုံးအပိုင်းတွေကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ စံချိန်တွေ တင်ခဲ့ဖူးတဲ့ အဲ့ဒီ ဇွန်ဘီစီးရီးကို Season ၁၁ ခုအထိ ပြသခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ AMC ရုပ်သံလိုင်းက စက်တင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
စီးရီး ပူးတွဲဖန်တီးသူ Scott Gimple က “နှုတ်ဆက်ဖို့ အချိန်ရောက်ဖို့ ၁၀ နှစ်ကြာခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းနှစ်ခုတော့ ထပ်လာဖို့ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ စတင်ပြသခဲ့တဲ့ ကမ္ဘာပျက် သည်းထိတ်ရင်ဖို ရုပ်ရှင်စီးရီးဟာ ပရိသတ်ကြည့်နှုန်းစံချိန်တင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ပဉ္စမမြောက် Season ကို ကြည့်ရှုသူ ၁ ဒသမ ၇၃ သန်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ လူကြည့်နှုန်း ထိုးကျသွားခဲ့ပါတယ်။
အခုလိုမျိုး “Walking Dead” စီးရီးကို အဆုံးသတ်တော့မှာဖြစ်ပေမယ့် အဲ့ဒီစီးရီးထဲက သီးသန့် စီးရီးခွဲတွေကို ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ AMC ရုပ်သံကတော့ မူရင်းစီးရီးထဲက ဇာတ်ကောင်ဖြစ်တော့ Daryl Dixon နဲ့ Carol Peletier တို့အကြောင်း သီးသန့် စီးရီးကို လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြသဖို့ စီစဉ်နေပါတယ်။
နောက်ထပ် သီးသန့်ထွက်လာမယ့် စီးရီးတခုမှာတော့ ဇာတ်ကောင် တခုချင်းစီကို အလေးပေး ဖော်ပြမယ့် အပိုင်းတွေနဲ့ သီးသန့်အပိုင်းတွေကို စုစည်းထားမယ့် အကြောင်းအရာတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီစီးရီး ပြသမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။
နောက်ထပ် spin-off စီးရီး “Fear The Walking Dead” ကို ၂၀၁၅ ခုနှစ်ကတည်းက ပြသနေခဲ့ပြီး ဖြစ်တဲ့အပြင် ကမ္ဘာပျက်ကာလမှာ ကြီးပြင်းလာခဲ့တဲ့ ပထမဆုံးမျိုးဆက်အကြောင်း ဖန်တီးထားတဲ့ “The Walking Dead: World Beyond” စီးရီးအသစ်ကိုတော့ လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်လွှင့် ပြသဖို့ရှိတယ်လို့် သိရပါတယ်။
“The Walking Dead” နဲ့ သက်ဆိုင်တဲ့ စီးရီးတွေကတော့ အမေရိကန်နိုင်ငံအတွင်းမှာ ဇွန်ဘီတွေ ကြီးစိုးစဉ်ကာလကို အခြေတည်ထားတဲ့ ကာတွန်းစာအုပ်ကို အခြေခံထားတာ ဖြစ်ပါတယ်။
မူရင်းစီးရီးမှာတော့ ဇွန်ဘီတွေ ကြီးစိုးနေတဲ့ ကမ္ဘာမှာ ကိုမာဝင်ပြီး ပြန်လည် နိုးထားလာခဲ့တဲ့ ရဲမှူး Rick Grimes (မင်းသား Andrew Lincoln) အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ မင်းသား Lincoln ဟာ ၂၀၁၈ ခုနှစ်မှာ အဲ့ဒီစီးရီးကနေ နုတ်ထွက်ခဲ့ပေမယ့် သူ့ရဲ့ဇာတ်ကောင်ကတော့ တခြားရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ကူးဖို့ ရှိနေပါတယ်။
“The Walking Dead”စီးရီးရဲ့ Season ၁၀ ရဲ့အပိုင်းတွေရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ ကပ်ရောဂါကြောင့် ရပ်နားလိုက်ရလို့ ထုတ်လွှင့်ဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ အဲ့ဒီ Season ရဲ့ ကျန်ရှိတဲ့အပိုင်း ၆ ခုကိုတော့ လာမယ့်နှစ် အစောပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။
Ref: straitstimes
You may also like these stories:
Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်
“Keeping Up With The Kardashians” အစီအစဉ်ကို ၂၀၂၁ တွင် အဆုံးသတ်မည်
“Mulan” ရုပ်ရှင် ဆိုးရွားတဲ့ သုံးသပ်ချက်တွေ ရင်ဆိုင်နေရ