မြန်မာနိုင်ငံမှ Boy Band တခုဖြစ်တဲ့ Project K အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် “Asia Song Festival 2020” ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ သွားရောက် ဖျော်ဖြေရမယ်လို့ သိရပါတယ်။
“ကျနော်တို့ Project K အနေနဲ့ အခုလာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကနေစပြီး ကိုရီးယားမှာ Training သွားရောက်ရမှာဖြစ်ပြီးတော့ Training ပြီးသွားတဲ့အခါမှာလည်း Asia Song Festival 2020 ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာပါ။ ဒီအကြောင်းတွေကို ကျနော်တို့ သိခဲ့တာကြာခဲ့ပေမယ့် ကိုဗစ်ကြောင့် အခြေအနေတွေကို အတိအကျ မသိသေးလို့ မကြေညာပေးဖြစ်ခဲ့တာပါ။ အခုတော့ အားလုံး Confirm ဖြစ်သွားပါပြီ” လို့ Project K အဖွဲ့က ပြောပါတယ်။
ကိုရီးယားကို ရောက်တဲ့အခါ သူတို့လုပ်ရမယ့် အကြောင်းအရာများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“လာမယ့် ၁၄ ရက်နေ့ကျရင် ကျနော်တို့ ကိုရီးယားကို ရောက်မယ်။ ရောက်ရင် ကိုဗစ် စစ်ရမယ်။ ပြီးရင်ကျနော်တို့ Training တွေ တောက်လျှောက် ရှိတယ်။ နေ့တိုင်းကို အပြည့်ရှိတယ်။ အဆို၊ အက၊ သရုပ်ဆောင်၊ မော်ဒယ် Catwalk အပိုင်းတွေ ပါပါတယ်။ ကိုရီးယားက အထင်ကရနေရာတွေကို သွားဖို့ အစီအစဉ်တွေ၊ အင်တာဗျူး အစီအစဉ်တွေ၊ ဓာတ်ပုံရိုက်တာတွေလည်း ရှိတယ်။ အချိန်အပြည့်ပါပဲ။ ပြီးရင် ပွဲမှာ ဖျော်ဖြေဖို့ ရှိတယ်။ ဒါကတော့ အခု လောလောဆယ် သိထားရတဲ့ အရာတွေပေါ့”လို့ Project K က ဆိုပါတယ်။
ဖျော်ဖြေပွဲမှာတော့ Project K အနေနဲ့ ကိုရီးယားသီချင်း ၁ ပုဒ်နဲ့ မြန်မာသီချင်း ၁ ပုဒ် သီဆိုရမှာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်များ ပါဝင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။
“ဖျော်ဖြေမှုတွေမှာတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့အငွေ့အသက်တွေ ပါနေဦးမှာပါ။ ပွဲမှာ ပါဖောမန့် လုပ်ရမှာကိုလည်း သူတို့ဆီက အစီအစဉ် ထွက်ထားပြီးသားပါ။ ကိုရီးယား သီချင်းတပုဒ်နဲ့ မြန်မာသီချင်းတပုဒ် ဖျော်ဖြေရမယ် ဆိုတာကို။ Project K ရဲ့စတိုင်အတိုင်း မြန်မာအကတွေလည်း သင်နေပါတယ် ကြိုးစားပြီးတော့။ အခုဆိုရင်နေ့တိုင်း တိုက်နေရတယ်”လို့ Project K အဖွဲ့က ပြောပါတယ်။
ခရီးစဉ် တလျှောက်လုံးမှာ ကျန်းမာရေးကို ဂရုစိုက်ပြီး ပြန်လာတဲ့အခါမှာလည်း Quarantine ဝင်ရောက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေရာမှာလည်း အတတ်နိုင်ဆုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစား ဖျော်ဖြေသွားပါ့မယ်။ ပြီးတော့ Training ကာလတွေမှာလည်း အတတ်နိုင်ဆုံး ကြိုးစားသင်ယူသွားပါ့မယ်။ ခရီးစဉ်တလျှောက်လုံးမှာလည်း ကြီးကြပ်သူများရဲ့ ညွှန်ကြားချက်များကို အထူးလိုက်နာပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သွားပါ့မယ်။ နှစ်ဖက်နိုင်ငံမှ တာဝန်ရှိ လူကြီးမင်းများ အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်” လို့ ဆိုပါတယ်။
Project K အဖွဲ့ဟာ လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ချီးကျူးမှုကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။
You may also like these stories:
အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်အောင် ရှေ့ဆက်ကြိုးစားမယ့် Project K အဖွဲ့