The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ Blind Audition တတိယမြောက် အပတ်မှာ Coach တွေ အားလုံး အံ့သြသွားစေတဲ့ သီချင်းနဲ့ အဆိုတော် ယုဇန လာရောက် ဖျော်ဖြေခဲ့တဲ့အပေါ် Coach တဦးဖြစ်တဲ့ အဆိုတော် ရန်ရန်ချမ်းက အခုလိုပဲ ပြောပါတယ်။
“ယုဇန လာဆိုတာ ကျနော်တို့ မသိဘူး။ The Voice က အဲ့လိုမျိုး လုပ်တယ်။ ဘာမှ ကြိုမပြောထားဘူး။ ဒေါ်ယု (ယုဇန) လာတာလည်း မသိလိုက်ဘူး။ လာတော့လည်း ပျော်ဖို့ ကောင်းသွားတာပေါ့။ Rap ဆိုတာလည်း တိုက်ထားတာ မရှိဘူး။ အဲ့ဒါက ဟိန်းဇော် အပိုဒ်ပါ။ ဟိန်းဇော်ဆိုတဲ့ နေရာကို သူက ဆိုဖို့မိုက်ပေးတော့ ကျနော်က ဆိုလိုက်တာပါ”လို့ ရန်ရန်ချမ်းက ပြောပါတယ်။
Acid အဖွဲ့က ဟိန်းဇော်နဲ့ အဆိုတော် ယုဇနတို့ သီဆိုခဲ့တဲ့ “ပဋိပက္ခ” သီချင်း အမှတ်တရ အကြောင်းလည်း ရန်ရန်ချမ်းက အခုလို ပြောပါတယ်။
“ကျနော် Acid အခွေ ထွက်ပြီး မယုနဲ့ ဆိုတဲ့ “ပဋိပက္ခ” သီချင်းလေးက ထပ်ထွက်တော့ ပေါက်သွားတယ်။ အဲ့သီချင်းလေးကတော့ ယုဇနနဲ့ အမှတ်တရ ဖြစ်ခဲ့ရတဲ့ သီချင်းပေါ့။ အခုလို ဆိုတဲ့အချိန်မှာလည်း သတိရတယ်။ ကျနော်တို့က ဟိန်းဇော်ကို သီချင်းဆိုမှ သတိရတာ မဟုတ်ပါဘူး။ ကျနော်တို့တွေ လူစုံပြောဖြစ်တိုင်း သူ့အကြောင်း ပါပါတယ်”လို့ ရန်ရန်ချမ်းက ပြောပါတယ်။
The Voice Myanmar အစီအစဉ်ကိုတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ မဖြစ်ခင်ကတည်းက ရိုက်ကူးထားတာဖြစ်ပြီး Live ရိုက်ကူးဖို့သာ ကျန်တော့တယ်လို့ ရန်ရန်ချမ်းက ဆိုပါတယ်။
“The Voice Myanmar အစီအစဉ်က ကိုဗစ် ရောဂါ မဖြစ်ခင်ကတည်းက အစီအစဉ်ကို ရိုက်ကူးထားတာ။ Live အဆင့်ပဲ ကျန်ပါတော့တယ်။ ရိုက်ပြီးသားတွေကိုတော့ တပတ်တခါ လွှင့်နေမှာပဲ။ ပြိုင်ပွဲဝင်တွေကိုမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်အားပေးရတယ်။ ရိုက်ကူးရေး Crew တွေရော အားလုံး အတူတူ လုပ်ထားကြတယ်။ ပြိုင်ပွဲဝင်တွေလည်း ကြိုးစားကြတယ်”
“ကျနော်တို့ဆိုလည်း Coach အသီးသီးက ကိုယ့် Team အတွက် ရွေးချယ်ကြတယ်။ ကျနော်တို့ The Voice အစီအစဉ်ကို တော်တော်နဲ့ လွှင့်ကို မလွှင့်ဘဲ ရပ်လိုက်ရတယ်။ အခုမှ ပြန်လွှင့်ရတော့ ပြိုင်ပွဲဝင်တွေလည်း စောင့်လိုက်ရတယ်။ အခုချိန်မှာတော့ အကုန်လုံး အားတင်းထားကြပါ”လို့ ရန်ရန်ချမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြိုင်ပွဲဝင် ရဲခန့် သီဆို ယှဉ်ပြိုင်ခဲ့တဲ့ “ညှို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းနဲ့ ပတ်သက်ပြီး Facebook မှာ ပရိသတ်တွေ troll နေကြတဲ့အပေါ်လည်း ရန်ရန်ချမ်းက အခုလို ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ တခြားတော့ ဘာမှမပြောလိုဘူး။ ကျနော်တို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြတာ၊ ပြောကြတာလည်း မဟုတ်ပါဘူး။ ကျနော်တို့တွေလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာမှ မဖြစ်ကြပါဘူး။ ပရိသတ်တွေကလည်း ကရုဏာ ဒေါသောနဲ့ ဖြစ်သွားကြတာဆိုတော့လည်း အားလုံးကိုယ်စား ကျနော်က တောင်းပန်ပါတယ်”
“ကျနော်တို့က ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျနော်တို့ကို troll တာလည်း ဘယ်လိုမှ မမြင်ပါဘူး။ ဒီပြိုင်ပွဲမှ မဟုတ်ဘူး။ တခြားမှာလည်း သူတို့တွေ လုပ်ကြတာပဲ။ Trend လိုတောင် ဖြစ်နေတာ ဘာမှ မပြောလိုပါဘူး”လို့ ရန်ရန်ချမ်းက ပြောပါတယ်။
The Voice Myanmar Season-3 သီချင်းဆို ပြိုင်ပွဲမှာတော့ အဆိုတော် အာဇာနည်၊ ရန်ရန်ချမ်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့က Coach တွေအဖြစ် ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကိုရီးယားမှာ သွားဖျော်ဖြေမယ့် Project K အဖွဲ့
ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၃၉ စုစာအတွက် မွေးနေ့အလှူလုပ်ခဲ့တဲ့ နေတိုး
ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်လာနိုင်တဲ့ မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး