၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက “The Avengers” ရုပ်သံအစီအစဉ်ကနေ နာမည်ကျော်ကြားလာခဲ့ပြီး ဒီနေ့ခေတ် ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေကနေ “Game of Thrones” စီးရီးအထိ ပါဝင်ခဲ့သူ ဗြိတိသျှမင်းသမီး Diana Rigg ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ရှည်ကြာပြီး သြဇာညောင်းတဲ့ အနုပညာ ခရီးလမ်းတလျှောက်လုံး နာမည်ကျော် ရုပ်သံ စီးရီးတွေမှာ ပါဝင်ခဲ့ပြီး Emmy, Tony နဲ့ Bafta တို့လို ဆုပေါင်းများစွာကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
သမီးဖြစ်သူ မင်းသမီး Rachael Stirling က “ကျမရဲ့ချစ်ရတဲ့ အမေဟာ မိသားစုတွေရှိတဲ့ အိမ်မှာ ဒီနေ့မနက် အိပ်ရာထဲမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ပြီးခဲ့တဲ့ မတ်လကစလို့ ခံစားခဲ့ရတဲ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့လတွေအတွင်း သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝမှာ ရခဲ့တဲ့ ထူးခြားတဲ့ဘဝ၊ အချစ်တွေ၊ ပျော်ရွှင်မှုတွေနဲ့ နက်နဲတဲ့ ဂုဏ်ဒြပ်တွေကို ပြန်ပြောင်းသတိရကာ ပျော်ရွှင်စွာနဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။ စကားနဲ့ ဖော်ပြလို့ မရနိုင်အောင် ကျမ အမေ့ကို လွမ်းပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်မြောက်ပိုင်း၊ Doncaster မြို့မှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီး Rigg ဟာ အင်္ဂလန်ကို ပြန်မလာခင် အိန္ဒိယနိုင်ငံကို မိသားစုလိုက် ပြောင်းရွှေ့သွားခဲ့ကြတာပါ။ သူဟာ ၁၉၅၉ ခုနှစ်၊ Royal Shakespeare Company မှာ ပွဲဦးမထွက်ခင် ဒရာမာအနုပညာ တော်ဝင် အကယ်ဒမီကျောင်းမှာ ပညာဆည်းပူးခဲ့ပါတယ်။
သူ့ကို နာမည်ရစေခဲ့တဲ့ ရုပ်ရှင်စီးရီးကတော့ မင်းသား Patrick McNee နဲ့အတူ ပါဝင်ခဲ့တဲ့ “The Avengers” စီးရီး ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်းသမီးကြီးဟာ “On Her Majesty’s Secret Service” ဆိုတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ဗြိတိသျှစပိုင်ကို လက်ထပ်ထားရသူ အမျိုးသမီး ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ပါတယ်။
အဲ့ဒီနောက် သူဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေ အရောက်မှာတော့ ပြဇာတ် လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သူကပြခဲ့တဲ့ “Medea” ဇာတ်ကောင်နဲ့ Tony ဆုကို ရရှိခဲ့ပါတယ်။ မကြာသေးခင်တုန်းကတော့ မင်းသမီးကြီးဟာ “Game Of Thrones” စီးရီးထဲမှာ Olenna Tyrell အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဗြိတိသျှ ပြဇာတ် ဇာတ်ညွှန်းရေးဆရာ Tom Stoppard က “သူ့ရဲ့ ဘ၀ တလျှောက်လုံးမှာ အလှပဆုံး အမျိုးသမီးတယောက် ဖြစ်ခဲ့ပါတယ်။ သူဟာ အင်္ကျီလက်ကို ခေါက်တင်ပြီး အလုပ်ကို လာတယ်။ လူတိုင်းကို ပြုံးပြတယ်။ သူ့ရဲ့ အရည်အချင်းဟာ တောက်ပခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
“No Time to Die” ရုပ်ရှင် ပြသမယ့်ရက် ရှေ့ပြန်တိုး
007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား
ဂျိမ်းစ်ဘွန်းမင်းသမီး Olga Kurylenko ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ