Walt Disney ကုမ္ပဏီကနေ ဖြန့်ချိလိုက်တဲ့ “Mulan” ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ ရှင်ကျန်းဒေသနဲ့ ဆက်စပ်မှုတွေကြောင့် နိုင်ငံတကာမှာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အဲ့ဒီ ရုပ်ရှင်အကြောင်း ရေးသားခြင်း မပြုကြဖို့ တရုတ်အာဏာပိုင်တွေက အဓိက မီဒီယာကြီးတွေကို ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ တရုတ်ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို Disney က အတော်လေး မျှော်မှန်းထားပေမယ့် နိုင်ငံရဲ့ တင်းကျပ်တဲ့ ဆင်ဆာ မီဒီယာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိခဲ့တဲ့ ရုပ်ရှင်အတွက် စိုးထိတ်စရာ ဖြစ်ခဲ့ရပါတယ်။
တရုတ်သရုပ်ဆောင်တွေဖြစ်တဲ့ ဂျက်လီ၊ ဂေါင်းလီ၊ ဒိုနီယန်းနဲ့ Liu Yifei တို့ ပါဝင်ထားကြတဲ့ အဲ့ဒီရုပ်ရှင်ကို ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ရှိရာ တရုတ်နိုင်ငံမှာ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်က အကောင်းအဆိုး နှစ်မျိုး ရောနေတဲ့ ရုပ်ရှင်မှတ်ချက်တွေနဲ့ ကပ်ရောဂါကာကွယ်ရေးအတွက် ရုပ်ရှင်ရုံတွေမှာ လူဝင်ခွင့် ကန့်သတ်မှုတွေကြောင့် ရုံဝင်ငွေ ရရှိနှုန်း ကျဆင်းနိုင်တဲ့အပြင် အဲ့ဒီရုပ်ရှင်အကြောင်း ရေးသားခြင်း မပြုဖို့ အဓိက မီဒီယာကြီးတွေဟာ သတိပေးစာ ရရှိထားတယ်လို့လည်း သိရပါတယ်။
သတိပေးစာကို တရုတ်ဆိုက်ဘာ ညွှန်ကြားရေး အဖွဲ့ကနေ ပေးပို့လာတာဖြစ်ကြောင်း သတင်းရင်းမြစ် ၃ ခုက ပြောဆိုပါတယ်။ တရုတ်နိုင်ငံက အဓိကသတင်းစာကြီးတခုရဲ့ သတင်းရင်းမြစ်ရဲ့ အဆိုအရ သူ့ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် တဦးဆီကနေ အလားတူ ညွှန်ကြားချက်ကို စာတို မက်ဆေ့ချ်နဲ့ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ သတိပေးချက် ထွက်ပေါ်လာတဲ့အကြောင်းကတော့ ရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့ ရှင်ကျန်းဒေသနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန် ရှုတ်ချမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရှင်ကျန်းဒေသမှာ တစိတ်တပိုင်း ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ရဲ့ ကျေးဇူးတင်လွှာမှာတော့ အဲ့ဒီဒေသမှာရှိတဲ့ အာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။ အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသား အူဂါတွေနဲ့ တခြားမူစလင်တွေကို ဖြိုခွင်းမှုတွေကြောင့် အမေရိကန်နိုင်ငံနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် အစိုးရ အချို့ရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီကနေ ထုတ်ဝေနေတဲ့ Global Times သတင်းစာ အင်္ဂလိပ်ဗားရှင်း သတင်းစာခေါင်းကြီးပိုင်းမှာတော့ အခုလိုမျိုး ဝေဖန်မှုတွေဟာ အမေရိကန်တွေရဲ့ အမြင်မှာ တရုတ်နဲ့ ပတ်သက်လို့ အစွန်းရောက် တွေးခေါ်မှုတွေကို ပြဆိုနေတဲ့ နောက်ထပ်သာဓကတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ Disney ရဲ့ အကြီးတန်းဘဏ္ဍာရေး အရာရှိကတော့ ရုပ်ရှင်ကို ရုံတင်မယ့် ကနဦး ရလဒ်တွေကို ကျေနပ်မိတယ်လို့ ပြောဆိုထားပါတယ်။
Ref: thejakartapost
You may also like these stories:
“Mulan” ရုပ်ရှင် ဆိုးရွားတဲ့ သုံးသပ်ချက်တွေ ရင်ဆိုင်နေရ
“Mulan” ရုပ်ရှင်ကို Disney+ မှတဆင့် ကြည့်ရှုနိုင်တော့မည်
“Mulan” ရုပ်ရှင်ကို App Store နဲ့ Google Play တို့မှ ရောင်းချမည်