အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီး သားလေးနဲ့အတူ ရှေ့ဆက်နေတဲ့ မော်ဒယ်၊ သရုပ်ဆောင် ချမ်းမီမီကိုကတော့ နောက်အိမ်ထောင်မပြုချင်သေးပေမယ့် အနာဂတ်ကို ကြိုမမြင်နိုင်တာကြောင့် စကားကို အကုန်မပြောချင်သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး။ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး။ ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်။ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ်”
“အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး။ အလုပ် လုပ်မယ်။ တချို့အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ။ ကံအကြောင်းတရားတွေ ဖူးစာကံဆိုတာ ဘယ်ပြောလို့ ရမလဲ။ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ ရှိကြတော့ ပြောလို့ မရဘူး။ ကိုယ့်ကလေးအတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ်”လို့ ချမ်းမီမီကိုက ပြောပါတယ်။
သားလေးကိုတော့ အိမ်ထောင်သက် ၂နှစ်ကျော်မှာ ယူခဲ့တာဖြစ်ပြီး တတ်နိုင်သလောက် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။
“ကလေးကိုက အိမ်ထောင်သက် ၂ နှစ်ကျော်မှာ ယူတာပါ။ သူ့အတွက်ကျတော့ ပံ့ပိုးပေးနိုင်သလောက် ပံ့ပိုးပေးမယ်။ မိဘဆိုတာက လူတန်းစား အမျိုးမျိုး ရှိတယ်လေ။ ကိုယ်ကအများကြီး ပံ့ပိုးပေးနိုင်တဲ့ မိဘ ရှိတယ်။ မပေးနိုင်တဲ့ မိဘ ရှိတယ်။ လူတန်းစား ကွာခြားတယ်လေ။ ကိုယ်ပံ့ပိုးပေးနိုင်တဲ့ အတိုင်းအဆလေးနဲ့ ပံ့ပိုးပေးမယ်”
“ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်။ အဲ့လိုမျိုးလေးတော့ စဉ်းစားထားပါတယ်။ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ်ဆိုတဲ့ ဇော မရှိပါဘူး။ ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်းပေးရမှာပေါ့” လို့ ချမ်းမီမီကိုက ပြောပါတယ်။
ကိုယ်တိုင်ဖြစ်ချင်တဲ့ မိခင်ပုံစံကိုလည်း အခုလိုပဲ ပြောပါတယ်။
“ကိုယ်တိုင်ကတော့ ကိုယ့်ကို အမြဲချစ်နေတဲ့ မိခင်မျိုးပဲ ဖြစ်ချင်တယ်။ မိခင်တယောက်အနေနဲ့ သားသမီးအပေါ် အမြဲနွေးထွေးမှုတွေပဲ ပေးသွားမယ်။ အဲ့လိုမျိုး မိခင်ပဲ ဖြစ်ချင်ပါတယ်။ အဓိကကတော့ မိဘရယ်လို့ဖြစ်လာရင် ငယ်ငယ်ကတည်းက သူတို့နဲ့ အချိန် ကုန်လာခဲ့တယ်”
“သူတို့နဲ့ အချိန် ဖြုန်းလာတဲ့အခါကျတော့ မိဘအနေနဲ့ ဖြစ်လာတဲ့ မေတ္တာကလေ သားသမီးအပေါ်မှာ လုံးဝ ပုံအပ်ထားတာ။ သားသမီးအတွက်ကိုပဲ ဖြည့်ဆည်းပေးတဲ့ မိခင် ဖြစ်ချင်တယ်။ သားကလည်း အမေ့အတွက်၊ အမေကလည်း သားအတွက်ပဲ ဖြစ်ချင်တယ်” လို့ ချမ်းမီမီကိုက ပြောပါတယ်။
ချမ်းမီကိုကိုကတော့ မကြာသေးမီကမှ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်ဖို့အတွက် အသိပေးခဲ့ပြီး အချိန်ကာလတခုအကြာ အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။
ချမ်းမီမီကိုကတော့ အသက် ၁၆ နှစ်အရွယ်မှာ အလှမယ်တယောက်ဖြစ်လာခဲ့ပြီး သရုပ်ဆောင်တယောက်အဖြစ် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျသွားခဲ့ပြီး အနုပညာလောကမှ ပျောက်ကွယ်သွားကာ အိမ်ထောင်မှု တာဝန်များနဲ့အတူ အသက် ၅ နှစ်အရွယ် သားလေးတယောက်ကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ