Entertainment

“ကိုကို စိတ်ကူးယဉ်” သီချင်းကို ပရိသတ်တွေ ကြိုက်လို့ ဝမ်းသာနေတဲ့ ဝေလာရီ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် မေဆွိ သီဆိုခဲ့ဖူးတဲ့ “ကိုကို စိတ်ကူးယဉ်” သီချင်းကို ပြန်ဆိုတေးအနေနဲ့ ပြန်လည် သီဆိုထားတဲ့ ဝေလာရီက ဒီသီချင်း ဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ကိုကို စိတ်ကူးယဉ် သီချင်းလေးကို အရင်က အရမ်းကြိုက်ခဲ့တာပါ။ ဒီသီချင်းလေးကို ဝယ်ထားတာတော့ ၃ နှစ်လောက် ရှိပါပြီ။ ဇာတ်လမ်းတွဲတွေ ရိုက်နေတာနဲ့ မအားသေးလို့ မသွင်းဖြစ်သေးတာ။ အခုလို ကိုဗစ် ကာလလည်း ဖြစ်နေတော့ အလုပ်တွေလည်း အားနေတော့ Music Video ရိုက်ပြီး ထုတ်လိုက်တာပါ။ ဝေလာရီကို အားလုံးက ဝိုင်းပြီး ကူညီပေးကြတယ်။ အခုလိုဝိုင်းပြီး ကူညီပေးခဲ့ကြလို့လည်း လှလှပပနဲ့ ချောချောမောမောလေး ထွက်လာတာပါ”လို့ ဝေလာရီက ပြောပါတယ်။

ဆက်လက်ပြီး ဝေလာရီက စစထွက်ချင်းမှာ ကိုယ်ပိုင်သီချင်းနဲ့ ထွက်ချင်ပေမယ့် အခုထွက်ခဲ့တဲ့ ပြန်ဆိုတေး သီချင်းကိုလည်း ပရိသတ်တွေ အားပေးကြလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ဒီသီချင်းက အရင် တီတီမေဆွိ ဆိုကတည်းက အောင်မြင်ပြီးသား သီချင်းလေးပေါ့။ စစထွက်ချင်းမှာတော့ ပြန်ဆိုတေး မဟုတ်ဘဲ ကိုယ်ပိုင်သီချင်းလေးနဲ့ ထွက်ချင်တာပေါ့။ အခြေအနေအရ သီချင်းက ၃ ပုဒ်ရှိတဲ့ထဲက ဘယ်သီချင်းကို ထုတ်ရင် ကောင်းမလဲ စဉ်းစားပြီး ဒီသီချင်းကို ပြန်ဆိုဖြစ်တာပါ။ ပရိသတ်ဆီက feedback ကို ပြန်သိရတော့ ကောင်းတယ်။ မထင်ထားဘူး။ အဲ့လောက်လည်း မမျှော်မှန်းထားခဲ့တာ ပရိသတ်တွေ ကြိုက်ကြတော့ ဝမ်းသာရတယ်”လို့ ဝေလာရီက ပြောပါတယ်။

ပြန်ဆိုတေး သီဆိုထားတဲ့အပေါ်မှာလည်း စာသားပြောင်းဆိုထားတာ မရှိဘဲ ခေတ်အလိုက် ပြန်ဆိုတေးတွေ ရှိသလို ကိုယ်တိုင်လည်း ကြိုက်လို့ သီဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

“အိမ်က လူတွေကလည်း တော်တော်ကြိုက်တယ်။ အိမ်က အမှန်တိုင်း ပြောတယ်။ ချီးကျူးလေ့ မရှိဘူး။ မကောင်းရင် မကောင်းဘူး ပြောတယ်။ အခု သီချင်းလေးကို ကြိုက်ကြတယ်၊ ကောင်းတယ် ပြောတော့ အရမ်းဝမ်းသာရတယ်။ အားပေးကြတဲ့ တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ မသိကြတဲ့ သူတွေက ဒီသီချင်းလေးကို ပြောင်းဆိုတယ်။ စာသားတွေ ပြောင်းဆိုတယ်လို့ ပြောကြတယ်။ ဘာမှ ပြောင်းမဆိုထားပါဘူး”

“အခုလို ကိုဗစ်ကာလမှာ စိတ်မညစ်ရအောင် သီချင်းမြူးမြူးလေး ထွက်လိုက်တာပါ။ ပြန်ဆိုတေးတွေ ပဲ ဆိုနေတယ်၊ ဆိုစရာ မရှိတော့ဘူးလားလည်း ပြောကြတယ်။ ခေတ်အလိုက်ကတော့ ပြန်ဆိုတေးတွေ ရှိစမြဲပဲပေါ့။ ကိုယ်တိုင်လည်း ကြိုက်လို့ ဘာမှပြောင်းလဲပြီးလည်း မဆိုပါဘူး။ ကြိုက်လို့သာ ဆိုတာပါ။ တခြား ရည်ရွယ်ချက်လည်း မရှိပါဘူး”လို့ ဝေလာရီက ပြောပါတယ်။

“ကိုကို စိတ်ကူးယဉ်” သီချင်း Music Video ရိုက်ကူးစဉ်က အမှတ်တရများကိုလည်း အခုလိုပဲ ဆိုပါတယ်။

ဝေလာရီနဲ့ သရုပ်ဆောင် ဘုန်းမင်းနေလ (ဓာတ်ပုံ – Wai Lar Ri’s Facebook)
“ဘုန်းမင်းနဲ့ အစက မခင်ဘူး။ ဖွင့်ပွဲတခုသွားရင်း ခင်သွားတာနဲ့ သီချင်းလေး တပုဒ် ရိုက်ဖို့ ရှိတယ်။ ကူညီပေးပါဦး ပြောတာနဲ့ သူကလည်း ရိုက်ပေးမယ်ဆိုပြီး ရိုက်ဖြစ်တာပါ။ အမှတ်တရကတော့ ကိုဗစ်ကာလ ဒုတိယလှိုင်း မဖြစ်ခင်မှာ ရိုက်ကူးရတော့ အခက်အခဲ ရှိတယ်။ လူစုလူဝေး လုပ်လို့ မရတော့ အိမ်နဲ့ အနီးနားမှာရှိတဲ့ အကြော်ဆိုင်လေးတွေ လက်ဖက်ရည်ဆိုင်တွေ လူရှင်းတာကို မနည်း ရှာရိုက်ထားရတာပေါ့”

“သီချင်းနဲ့ ရိုက်ကူးရေးပိုင်းက ဘာမှမဆိုင်ဘူးလို့လည်း ပြောကြတယ်။ တတ်နိုင်သလောက် အကျဉ်းလေး ချုံးပြီး ရိုက်ခဲ့ရတာပါ။ ပေါ့ပေါ့ပါးပါး ပျော်ပျော်လေး ရိုက်ထားတာကို နားလည်ပေးကြပါ။ တချို့ကတော့ မောင်လေး ဘုန်းမင်းနဲ့ ရိုက်ထားတာ ကောင်းတယ် မှတ်ချက်ပြုကြတော့ ပျော်ပါတယ်”လို့ ဝေလာရီက ပြောပါတယ်။

ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမ ဖြစ်ပြီး လက်ရှိမှာ အနုပညာ အလုပ်များ လုပ်ကိုင်လျက်ရှိပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲမှာ “မော်” ဆိုတဲ့ မိန်းကလေး ကာရိုက်တာ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဝေလာရီက အစ်မဖြစ်သူ လိမ္မော်သီးနဲ့လည်း “J & W Clothing” ဆိုတဲ့ မွန်ဖက်ရှင်ဆိုင် ဖွင့်လှစ်ထားပါတယ်။

You may also like these stories:

 

Did you find apk for android? You can find new Free Android Games and apps.
Loading