COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတဲ့အပေါ် အဆိုတော် ဟဲလေးက အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ကြပါလို့ ဆိုပါတယ်။
“အလုပ်ကိစ္စ၊ မိသားစုကိစ္စက လွဲလို့ အတတ်နိုင်ဆုံး ကျနော် အပြင်မထွက်ဖြစ်ဘူး။ ပရိသတ်တွေလည်းအတတ်နိုင်ဆုံး ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ကြပါ။ ကျန်းမာရေးဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့အတိုင်း လိုက်နာပြီး နေကြပါ။ အပြင်ထွက်အလုပ်လုပ်ကြသူတွေကလည်း အလုပ်ကတော့ လုပ်ရမှာပဲပေါ့”
“စားဝတ်နေရေးကြောင့် မတတ်သာလို့ ထွက်ရချိန်မှာလည်း အကာအကွယ်နဲ့ Mask တပ်မယ်၊ လက်ကိုလည်း သေချာဆေးမယ်ပေါ့။ ခုခံအားကောင်းအောင်လည်း အမြဲနေပါ ပြောချင်ပါတယ်။ အိမ်မှာနေလို့ရတဲ့သူတွေကလည်း အိမ်မှာပဲ နေကြပါ။ လူစုလူဝေးလုပ်ခြင်းတွေလည်း ရှောင်ကြပါ။ စည်းကမ်း လိုက်နာကြပါ။ မပေါ့ဆတာ အကောင်းဆုံးပါပဲ”လို့ ဟဲလေးက ပြောပါတယ်။
ရောဂါဖြစ်ပွားမှု နည်းပါးသက်သာနေရာက အရင်ကထက် အခြေအနေ ပိုဆိုးသွားတာကြောင့် မပေါ့ဆကြပါနဲ့လို့ ဟဲလေးက ဆိုပါတယ်။
“ဒီရောဂါက ပျော့သွားတယ်လို့တော့ သိရပေမယ့် မကူးစက်ရင်တော့ အကောင်းဆုံးပေါ့။ တကမ္ဘာလုံးက လူသားတွေကို မထိခိုက်စေချင်တော့ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာတောင် ၆ လလောက် ရှိပြီ။ လုပ်ငန်းတွေလည်း ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။ ပြီးတဲ့လလောက်ထိ အခြေအနေတွေပဲ ပြန်ကောင်းတော့မလိုနဲ့ အခုဆို အရင်ကထက် အခြေအနေ ပိုဆိုးသွားတယ်”
“ကူးစက်မှုလည်း မြင့်တက်လာတော့ အရမ်း ဂရုစိုက်ကြပါ။ ကျနော် ချစ်ရတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေ အရင်လိုပဲ ပြန်ပြီး လွတ်လွတ်လပ်လပ် သွားချင်စားချင်ကြပြီပေါ့။ အဲ့လို အခြေအနေ အမြန်ဆုံး ပြန်ရပါစေလို့ပဲ ဆုတောင်းနေပါတယ်။ အခုချိန်တော့ ကိုယ့်ကျန်းမာရေး၊ မိသားစု ကျန်းမာရေး၊ ပတ်ဝန်းကျင် ကျန်းမာရေးကို စောင့်ရှောက်ရင်းနဲ့ ကိုဗစ်ကြီး တိုက်ထုတ်ကြမယ်”လို့ ဟဲလေးက ပြောပါတယ်။
ကိုဗစ်ကာလမှာ အဆိုးထဲက အကောင်းအနေနဲ့ သီချင်းတွေ ပိုရေးဖြစ်တယ်လို့ ဟဲလေးက ဆိုပါတယ်။
“ကိုဗစ်ကာလက ကျနော့်အတွက်တော့ အဆိုးထဲက အကောင်းပေါ့။ ကျနော်က သီချင်းတွေ ရေးဖြစ်တယ်။ အရင်ကတော့ ခရီးတွေထွက်၊ နယ်တွေ သီချင်းဆိုနေရတော့ သီချင်းတွေ မရေးဖြစ်ဘူး။ အခုတော့ ကိုယ့်အတွက်ရော၊ သူများအတွက်ရော၊ ကြော်ငြာအတွက် သီချင်းတွေရော ရေးပေးဖြစ်တယ်”လို့ ဟဲလေးက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၂၇၉၆ ဦး တွေ့ရှိထားပြီး ရောဂါပိုးကင်းစင်လာသူ ၆၇၆ ဦး၊ သေဆုံးသူ ၁၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
“ပျော်အောင်ထားမယ် စိတ်ချပါ” သီချင်းကို ပရိသတ်အားပေးလို့ ဝမ်းသာနေတဲ့ ဟဲလေး
“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”