Myanmar Idol သီချင်းဆို ပြိုင်ပွဲကတဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် ဘီလီလမင်းအေးက သီချင်းဆို ပြိုင်ပွဲဝင်တွေအပေါ် အခုလိုပဲ အကြံပြု အားပေးစကား ပြောပါတယ်။
“အဆိုပြိုင်ပွဲတွေ လွှင့်နေတာ တွေ့တယ်။ သီချင်းဆို ကောင်းတဲ့သူတွေလည်း တွေ့ရတယ်။ တော်ကြတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားပါ။ ပြိုင်ပွဲဝင်နေတဲ့သူတွေလည်း ကြိုစားကြပါ။ ကြိုးစားနေတဲ့ လူတယောက်အတွက် အောင်မြင်မှုကတော့ တရက် ရောက်လာမှာ ဖြစ်တဲ့အတွက် ကိုယ့်လုပ်ရမှာတွေကို ကြိုးစားလုပ်ပါ”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
သီချင်းဆိုပြိုင်ပွဲတွေက ကွာခြားမှု ရှိပေမယ့် ပြိုင်ပွဲဝင်တွေ အနေနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းရမှာဖြစ်တဲ့အတွက် ရင်ဆိုင်ရတာတွေက အတူတူပဲလို့ ဆိုပါတယ်။
“Myanmar Idol နဲ့ The Voice က နည်းနည်းလေး ကွာမယ်။ ဖူးတို့ အနုပညာ လမ်းကြောင်းကို လျှောက်ကြတာချင်း၊ ရင်ဆိုင်ကြရတာတော့ တူတူပါပဲ။ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်အောင် လုပ်ထားပါ။ ပြိုင်ပွဲတခုကို စပြိုင်ပြီဆိုကတည်းက စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်နေဖို့ လိုပါတယ်။ သီချင်းဆိုတယ်ဆိုတာကလည်း ကျန်းမာမှ အသံကောင်းကောင်း ဆိုနိုင်မယ်”
“စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့လည်း လိုတယ်။ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေ အများကြီး ကြုံတွေ့လာနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာလည်း အများကြီး ပြင်ဆင်ထားပါ။ ကြံ့ခိုင်ဖို့ လိုပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
ဆက်လက်ပြီး ကိုဗစ်ကာလမှာ ပြိုင်ပွဲဝင်နေရတဲ့ မျိုးဆက်သစ်တွေကိုလည်း အခုလို အားပေးစကား ဆိုပါတယ်။
“အခုလို ကိုဗစ်ကလည်း ဖြစ်နေတာ ဖူးတို့မှ မဟုတ်ဘူး။ အနုပညာရှင် စီနီယာတွေ အကုန်လုံးကလည်း ဒီအခက်အခဲကို ရင်ဆိုင်နေကြတာ။ တက်လာမယ့် မျိုးဆက်သစ်တွေလည်း ကြုံနေရမှာပဲ။ အပြင်မှာ ဆိုလို့ မရတာ ဖြစ်တာကြောင့် အွန်လိုင်းကို ပြောင်းကုန်ကြပြီ။ ဒီလိုမျိုး လုပ်လို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ်။ အခုလို အချိန်မှာ ဘယ်လိုတွေ လုပ်မလဲ။ ပရိသတ်ကို ဘယ်လိုတွေ ချပြမလဲဆိုတာကို စဉ်းစားပြီးတော့မှ ကြိုးစားဖို့ပဲ ပြောချင်တယ်”လို့ ဘီလီလမင်းအေးက ဆိုပါတယ်။
ကိုယ်တိုင်လည်း ပြိုင်ပွဲ မဝင်ခင်က အနုပညာရှင် စီနီယာ အစ်ကို၊ အစ်မတွေကို အပြင်မှာ တွေ့ရင် စိတ်လှုပ်ရှားရတယ်လို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ပြိုင်ပွဲ မဝင်ခင်တုန်းက အနုပညာရှင် စီနီယာ အစ်ကို၊ အစ်မတွေကို အပြင်မှာ တွေ့ရချိန် စိတ်လှုပ်ရှားတယ်။ ပျော်လည်း ပျော်ရတယ်။ ပြိုင်ပွဲတုန်းကဆို အန်ကယ် (မြန်မာပြည်သိန်းတန်) နဲ့ တွေ့တော့ အရမ်းစိတ်လှုပ်ရှားနေတာ။ Challenge တခုလိုလည်း ဖြစ်နေတာ ဆိုပေမယ့် အရမ်း ပျော်ရတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
ပြန်ဆိုတေးတွေ သီဆိုချိန်မှာလည်း အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ပရိသတ်တွေ မကြိုက်မှာ စိတ်ပူခဲ့ရတယ်လို့ ဆိုပါတယ်။
“ပရိသတ် အားပေးမှု ရရှိပြီးသား သီချင်းတွေကို ဆိုတဲ့ အချိန်မှာလည်း အရမ်း စိုးရိမ်ရတယ်။ ပရိသတ်တွေ နားစွဲပြီးသား သီချင်းကို ပြန်ဆိုရဦးမှာ။ ပြန်ပြီး ကိုယ်က အကောင်းဆုံး ဆိုပေမယ့် ပရိသတ် ကြိုက်ပါ့မလား စိုးရိမ်ရတယ်။ ဖူးဆိုတဲ့ အယ်လ်ဘမ်ဆို ပြန်ဆိုတေး တခွေလုံးနီးပါးဖြစ်တော့ အရမ်းစိတ်ပူရတယ်။ အဲ့ဆိုပြီးသား အနုပညာရှင်တွေနဲ့ တွေ့ရင် အားနာရတယ်”
“ကိုယ်အကောင်းဆုံး ဆိုပေမယ့် ရှေ့က စီနီယာတွေကိုတော့ မှီမှာ မဟုတ်ဘူး။ ကိုယ်တွေ လုပ်ထားတာ အဆင်ပြေပါ့မလား အရမ်း စိတ်ပူခဲ့ရတယ်။ အားပေးကြတော့လည်း ပျော်တော့လည်း ပျော်ရတယ်” လို့ ဘီလီလမင်းအေးက ပြောပါတယ်။
ဘီလီလမင်းအေးဟာ ၂၀၁၇ ခုနှစ်က Myanmar Idol (Season-2) သီချင်းဆိုပြိုင်ပွဲမှာ 1st Runner Up ဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဘီလီလမင်းအေးက သူ့ရဲ့ တကိုယ်တော်အခွေများအဖြစ် “အရှုံးမပေးတဲ့ ဝိညာဉ်” နဲ့ “Special One” ဆိုတဲ့ သီချင်းအခွေများ ထွက်ရှိထားပါတယ်။
You may also like these stories:
ဒီနှစ် Myanmar Idol Winner က မိန်းကလေးအဆိုရှင် ဖြစ်လာမှာလား
“ပြန်ဆိုတေး အခွေထွက်ပြီး ဝေဖန်မှုဒဏ် ခံနိုင်ပါ့မလား”ဆိုတဲ့ စိတ်ဖြစ်မိတဲ့ ဘီလီလမင်းအေး
“အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး