COVID-19 ကပ်ရောဂါကြောင့် ရုပ်ရှင်တွေ တော်တော်များများ ပိတ်ထားရဆဲဖြစ်တာကြောင့် “Wonder Woman 1984” ရုပ်ရှင်ရုံတင်ရက်ကို ခရစ်စမတ်ကာလ မတိုင်ခင်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း Warner Bros ရုပ်ရှင်စတူဒီယိုက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မင်းသမီး Gal Gadot ဦးဆောင် ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ဒီဇင်ဘာလ ၂၅ ရက်ရောက်မှသာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ငွေကြေး အမြောက်အများ အကုန်ကျခံ ရိုက်ကူးထားတဲ့ ဟောလိဝုဒ် ရုပ်ရှင်တကားရဲ့ နောက်ထပ် ရက်ရွှေ့ဆိုင်းမှု ဖြစ်လာခဲ့ပါတယ်။
ဒါရိုက်တာ Patty Jenkins က “ကျမတို့ အတူတူ ဒီအတွေ့အကြုံကို မျှဝေကြဖို့အတွက် ပိတ်ကားထက်မှာ ပြသနိုင်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ကျမ သိတဲ့အတွက် ပရိသတ်တွေအနေနဲ့ အချိန် နည်းနည်းလောက် စောင့်ဆိုင်းပေးနိုင်လိမ့်မယ် မျှော်လင့်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လကစလို့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရပြီးတဲ့နောက် ရုပ်ရှင်အနုပညာလုပ်ငန်းတွေ ပြန်လည် နာလန်ထူလာဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာ ရုပ်ရှင်စတူဒီယိုတွေဟာ သူတို့တွေရဲ့ ရုပ်ရှင်တွေကို ရက်ရွှေ့ဆိုင်းတာတွေ ပြုလုပ်ခဲ့ရပါတယ်။
ရုပ်ရှင်ရုံတွေကို လူဝင်နှုန်းသတ်မှတ်ပြီး တဖြည်းဖြည်းချင်းစီ ပြန်ဖွင့်လာတဲ့အပြင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာတောင် ရုပ်ရှင်ကြည့်ရှုသူနှုန်း တက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာတော့ လော့စ်အင်ဂျလိစ်နဲ့ နယူးယောက်မြို့အပါအဝင် လူတွေ ရုပ်ရှင်ကြည့်ကြတာများတဲ့ အဓိကနေရာတွေမှာတော့ ရုပ်ရှင်ရုံတွေကို ပိတ်ထားရဆဲ ဖြစ်ပါတယ်။
AT&T က ပိုင်ဆိုင်တဲ့ Warner Bros. ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတုန်းက ဒါရိုက်တာ Christopher Nolan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Tenet” ကို ဖြန့်ချိပြီး ဈေးကွက် အနေအထားကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအထိ ဝင်ငွေ ဒေါ်လာ ၁၄၆ ဒသမ ၂ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
မကြာခင်မှာလည်း Walt Disney ရဲ့ Marvel Studios ကနေ ထုတ်လုပ်ထားတဲ့ “Black Widow” ရုပ်ရှင်ကို ပြသဖို့ ရှိနေပါတယ်။ အဲ့ဒီရုပ်ရှင်ကိုလာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြသမှာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဖြစ်တဲ့ “No Time To Die” ကိုလည်း လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြသဖို့ ရှိနေပါတယ်။
Ref: asiaone
You may also like these stories:
“Justice League” ဗားရှင်းအသစ်ကို ၂၀၂၁ ခုနှစ်တွင် ပြသမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် “Wonder Woman 1984” ရုပ်ရှင် ရုံတင်ရက် ရွှေ့ဆိုင်း
၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ
‘Wonder Woman 1984’ ရုပ်ရှင်မှာ စတန့်ပြကွက်တွေလုပ်ရင်း ကျောရိုးဒဏ်ရာရခဲ့တဲ့ Gal Gadot