ဟောလိဝုဒ်စတား မင်းသား Chris Evans ဟာ သူ့ရဲ့ ဝတ်လစ်စတစ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ မှားယွင်းပြီး တင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ပရိသတ်တွေက မင်းသားရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အလေးထားကြဖို့ တောင်းဆိုလိုက်ပါတယ်။
မင်းသားဟာ သူ့ရဲ့ အဝတ်မဲ့ခန္ဓာကိုယ်ပုံကို Instagram Stories မှာ တင်မိခဲ့တာ ဖြစ်ပါတယ်။ မင်းသားဟာ သူ့ရဲ့ ဖုန်းထဲက ဓာတ်ပုံမှတ်တမ်းကို စခရင် ရိုက်ကူးမှုအနေနဲ့ မျှဝေနေခဲ့တာ ဖြစ်ပြီး ဓာတ်ပုံတွေအားလုံးကို မြင်တွေ့နေရတယ်ဆိုတာ သူသိရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီနောက် သူဟာ အဲ့ဒီပို့စ်ကို အလျင်အမြန် ဖျက်ပစ်ခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ အဲ့ဒီဓာတ်ပုံတွေကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဟာသဓာတ်ပုံတွေနဲ့ အရွှန်းဖောက်ပြောဆိုမှုတွေအဖြစ် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ မင်းသား Chris ရဲ့ ပရိသတ်တွေထောင်ထားတဲ့ အွန်လိုင်းစာမျက်နှာတွေက မင်းသားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို လေးစားကြဖို့နဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ ရှာဖွေခြင်း မပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ မင်းသားဟာ အရမ်းစိတ်ထားကောင်းတဲ့ အမျိုးသားဖြစ်ပြီး စိတ်ရှုပ်ထွေးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Marvel ပရိသတ်တယောက်က “Chris Evans ရဲ့ အဝတ်မဲ့ပုံကို မဝေမျှခင်မှာ မင်းသားဟာ ဟောလိဝုဒ် အနုပညာလုပ်ငန်း တက်လမ်းတလျှောက်လုံးမှာ စိတ်ရှုပ်ထွေးမှု ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ မိသားစုနဲ့ သူ့ကိုယ်တိုင်ကို နာမည်ကျော်ကြားမှုက ထိခိုက်စေမှာစိုးရိမ်လို့ အကြိမ်တော်တော်များများ Captain America သရုပ်ဆောင်အဖြစ် ငြင်းပယ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Avengers ရုပ်ရှင်တွေမှာ အတူတွဲသရုပ်ဆောင်ခဲ့သူ မင်းသား Chris ရဲ့ သူငယ်ချင်း Mark Ruffalo က “Chris Evans ရေ၊ သမ္မတထရန့်က ရုံးခန်းထဲမှာရှိနေတဲ့အချိန် မင်းဘာသာ ရှက်ကိုးရှက်ကန်း ဖြစ်ရနိုင်တာမျိုး လုံးဝ မရှိပါဘူး” လို့ ဆိုပြီး အားပေးခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ မင်းသားရဲ့ အဝတ်မဲ့ပုံတွေ ရှာဖွေမှုကို ရပ်တန့်စေဖို့ ပရိသတ်အကောင့်တော်တော် များများမှာတော့ မင်းသား Chris နဲ့ သူ့ရဲ့ခွေးလေး Dodger တို့ပုံတွေနဲ့ ဖြည့်ခဲ့ကြပါတယ်။
မင်းသား Chris ဟာ MCU မှာ Captain America နေရာကနေ သရုပ်ဆောင်ပြီး လူသိများလာသူဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်မှာပြသခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်အပြီး အဲ့ဒီရုပ်ရှင် စီးရီးတွေကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ မင်းသားဟာ Defending Jacob ဆိုတဲ့စီးရီးမှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။
Ref: hindustantimes
You may also like these stories:
“Wonder Woman” ရုပ်ရှင်အသစ် ရုံတင်ရက် နောက်ဆုတ်
“Mulan” ရုပ်ရှင်အကြောင်း မီဒီယာများ မရေးရန် တရုတ်အာဏာပိုင်တွေ ပိတ်ပင်
ဂျိမ်းစ်ဘွန်း မင်းသမီးဟောင်း Diana Rigg ကင်ဆာရောဂါဖြင့် ကွယ်လွန်