COVID-19 ရောဂါ ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ကိုဗစ် ကူးစက်ခံရတဲ့သူများဟာ ရာဇဝတ်သားကောင်များ မဟုတ်ကြဘူးလို့ ပြောပါတယ်။
“ပထမဦးဆုံး ပြောချင်တာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူသည် ရာဇဝတ်သားကောင် မဟုတ်ဘူး။ အဲ့လို ဆက်ဆံတာတွေ တအား မှားတယ်။ ကျနော်နေတဲ့ အမေရိကားမှာ ဒီကနေ့ ကူးစက်ခံထားတဲ့သူ ၆ ဒသမ ၆ သန်းကျော် ရှိတယ်။ ဒါတောင် စာရင်းပျောက်တွေ ရှိသေးတယ်။ သေဆုံးတဲ့သူက ၁ သိန်းကျော် ၊ ပြန်ကောင်းသွားတဲ့သူက ၃ သန်းကျော် ရှိတယ်”
“ဘာကြောင့် ဒီနိုင်ငံမှာ အဲ့လောက်များသွားတာလဲ။ ပေါ့ဆတာလည်း ပါတယ်။ တချို့တွေ ရောဂါရလို့ ရလိုက်မှန်း မသိလိုက်တာလည်း ပါမယ်” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး “နောက်ပြီး ဒီနိုင်ငံမှာက လူသားတိုင်းကို အလကား ဖောဖောသီသီ စစ်ပေးတဲ့နေရာတွေအများကြီး ရှိတယ်။ မြန်မာနိုင်ငံမှာက မြို့ပေါင်း ဘယ်နှမြို့မှာ စစ်ပေးသလဲ။ ဘယ်နှမြို့မှာ စစ်ကြသလဲ။ ဘယ်လောက် စစ်လို့ရသလဲ ကျနော် မသိဘူး။ စစ်တဲ့သူတွေ များနေသ၍ Positive တွေ ထွက်နေတာ မဆန်းဘူး။ များများစစ်လေ များများထွက်လေပဲ”
“ဘယ်အရာမှာ အဓိကကျလဲဆိုရင် အဲ့လို Positive ထွက်တဲ့သူတွေထဲကမှ ဘယ်နှယောက်သည် သေမလိုဖြစ်ပြီး အသက်ရှုစက်တွေ တပ်ရလဲဆိုတာက ပိုပြီး အဓိကကျတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေထဲက COVID-19 ရောဂါ ကူးစက်ခံရသူ ၁၅ ယောက်ခန့်ရှိပြီး ကြီးကြီးမားမား ဝေဒနာ ခံစားရတာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော့် အနီးအနား သူငယ်ချင်းတွေထဲမှာလည်း Positive ဖြစ်တာ ၆ ယောက်လောက် ရှိခဲ့တယ်။ ဒီနေ့အချိန်ထိ ကူးစက်ခံရတဲ့ ကျနော့် အသိုင်းအဝိုင်းမှာ ၁၅ ယောက် ကျော်သွားပြီ။ အဲ့လူတွေ အကုန်လုံးဟာ ဆေးရုံတက်ရတဲ့ အနေအထားကို မရောက်လိုက်ဘူး။ အသက်ရှုစက်လည်း မတပ်ရဘူး။ တချို့ဆို ရှိလို့ရှိမှန်းတောင် မသိလိုက်ရဘူး။ ကျနော်ဆို စစ်တာ ၅ ခါ ရှိပြီ” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ကိုယ်တိုင်လည်း ပိုးစစ်တာဟာ ၅ ကြိမ်ရှိပြီဖြစ်ပြီး Negative ပဲ ဖြစ်နေပေမယ့် လုပ်ငန်းခွင် ဝင်နေရတာကြောင့် အချိန်မရွေး ကူးစက်သွားနိုင်တယ်လို့ သိရပါတယ်။
“တချို့ကပြောကြတယ်။ ရောဂါရသွားပြီရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးနှောက်မှာ ပိုးဝင်တာတွေ ဘာတွေ ဖြစ်နိုင်တယ်ပေါ့။ ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့သူငယ်ချင်း ၁၅ ယောက်စလုံးကတော့ အခုအချိန်မှာ အကောင်းပကတိပဲ။ နောက်ထပ် ဘယ်လိုရောဂါ ခံစားရမလဲ မသိဘူး။ ကျနော်ကတော့ ဒီနေ့ထိ Negative ပေမယ့် နောက်နေ့ ဖြစ်ရင် ဖြစ်သွားနိုင်တာပဲ။ ဒါပေမဲ့ အလုပ်ကတော့ သွားနေရတာပါပဲ” လို့ ပြောပါတယ်။
ရောဂါပိုး ကူးစက်ခံရသူတွေအပေါ် ဝေဖန်နေကြတဲ့သူများကိုလည်း အခုလို ပြောခဲ့ပါတယ်။
“အဲ့လိုတွေ ဝေဖန်ပြောဆိုနေတဲ့သူတွေကို ပြောချင်တာကလေ တနေ့တနေ့ ကိုယ်စားနေတဲ့ အစားအစာမှာ သင့်တင့်လျောက်ပတ်တာ ဘယ်နှခု ပါလဲ။ ဆီကြော်တွေ တအား စားတယ်။ ဆီပြန်တွေ၊ အချိုမှုန့်တွေ အရမ်းစားတယ်။ အရက်တွေ သောက်တယ်။ ဆေးလိပ်တွေ သောက်တယ်။ အဲ့တော့ ရောဂါ မရှာဘူးဘဲပြော တနေ့နေ့တော့ ရောဂါရမှာပဲ။ ကျန်းမာရေးနဲ့ သင့်လျှော်တာပဲ အရင်စားပါဦးလို့”
“မြန်မာနိုင်ငံကလူ တော်တော်များများက ကြည့်ဖူးကြတာက Facebook က သေမလို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်တဲ့ ကြောက်စရာကောင်းတဲ့ ဗီဒီယိုတွေကိုပဲ Share ကြတယ်။ ကိုဗစ်ဖြစ်ရင် ငါလည်း အဲ့လိုဖြစ်မှာပဲလို့ ထင်ကြတယ်။ ကိုယ်လည်း အဲ့လိုထင်ခဲ့တာ တကယ်တော့ အဲဒါလူတိုင်း မဟုတ်ဘူး။ နဂိုရှိတဲ့ ရောဂါအခံနဲ့ ကွာသွားတာပေါ့” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဥက္ကာမင်းမောင်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အကြောင်းအရာများအတွက် အားပေးစကားကို သူ့ရဲ့ Facebook Page မှတဆင့် အားပေးစကား ပြောထားတာပဲ ဖြစ်ပါတယ်။
You may also like these stories:
အဆိုပြိုင်ပွဲဝင်တွေကို ကြံ့ခိုင်အောင် နေကြဖို့ ဘီလီလမင်းအေး အကြံပြု
“အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ ကျန်းမာရေး ဂရုစိုက်ကြပါ”လို့ ဟဲလေး ပြော
ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင် ရာပြည့် ဖျော်ဖြေပွဲကို မသွားဖြစ်တဲ့ ဖြူဖြူကျော်သိန်း