အဆိုတော် စန္ဒီမြင့်လွင်က သမီးဖြစ်သူ ခင်လင်းထင် (ခ) ထရက်ရှာနဲ့ အတူ ကြော်ငြာတွေ ရိုက်ဖြစ်နေပြီး သမီးလေးက အသက်ငယ်သေးတာကြောင့် အနုပညာ ဝါသနာ ပါ၊ မပါ မပြောတတ်သေးဘူးလို့ ဆိုပါတယ်။
“သမီးလေးက တနှစ်နဲ့ ၂ လ ပြည့်တော့မယ်။ ကြော်ငြာတွေ ရိုက်ရင် သမီးလေးက စိတ်ကြည်နေရင်တော့ အဆင်ပြေတယ်။ ကလေးဆိုတော့ ဆော့ချင်နေတာ။ သူ စိတ်ကြည်နေရင်တော့ ပျော်ပျော်ပါးပါးနဲ့ ရယ်ပြပြီး မျိုးစုံဆော့တယ်။ အနုပညာ ဝါသနာပါလား၊ မပါလားတော့ သိပ်ပြောလို့ မရသေးပါဘူး”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
သမီးလေးက ကင်မရာလည်း မကြောက်တတ်တာကြောင့် ကြော်ငြာတွေ ရိုက်ဖြစ်တဲ့အခါ သမီးနဲ့ အတူ ရိုက်ဖြစ်တယ်လို ဆိုပါတယ်။
“ကင်မရာတော့ သိပ်မကြောက်ဘူး။ ကြော်ငြာတွေ ရိုက်မယ်ဆိုရင် သမီးလေးလည်း တကယ် သုံးတယ်၊ တခြားကလေးတွေအတွက်လည်း အကျိုးရှိမယ့်ဟာမျိုး ရိုက်ပေးဖြစ်တယ်။ အနုပညာ ဝါသနာပါလား၊ မပါလားတော့ ဒီအရွယ်မှာ သိပ်ပြောနိုင်သေးဘူး။ နည်းနည်း ကြီးလို့ သူလည်း စိတ်ပါမယ်ဆိုရင်တော့ပေးရိုက်မယ်။ ဒီးဒီကတော့ ပညာရေးကို ပိုဦးစားပေးမှာပါ”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
သမီးလေးက လိမ္မာရေးခြား ရှိသလို၊ သမီးလေးကြောင့် မိဘတွေ မျက်နှာပွင့်ရတယ်လို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။
“သမီးလေးက တနှစ် နည်းနည်းကျော်လာတော့ လိုချင်တာတွေ ပြောလာတာပေါ့။ တအိမ်လုံးမှာ သူဗိုလ်ပဲ။ သူဖြစ်ချင်တာ သူလုပ်ချင်တာတွေ ပြောတတ်လာပြီ။ သမီးလေးက လိမ္မာတယ်။ မိဘကိုလည်း အခုချိန်ထိ ဒုက္ခမပေးဘူး။ သူ့ကြောင့် မျက်နှာပွင့်ရတာပဲ ရှိတယ်။ သမီးကို ပရိသတ်တွေက ချစ်ကြတယ်။ သူ့ကို ချစ်လို့ ကိုယ့်ကို ချစ်သွားတာတွေလည်း ရှိတယ်။ သမီးလေးကို ချစ်ပေးလို့ ဝမ်းသာရပါတယ်”
“အရမ်းလည်းကျေးဇူးတင်တယ်။ သမီးလေးက သီချင်းအရမ်းကြိုက်တယ်။ သူ့ကိုဘေးမှာ ချပြီး သီချင်းတွေဖွင့်ပြီး ဒီးဒီက ဆိုရင် သူပါ လိုက်ဆိုနေတာ။ သူ့ကိုယ်သူလည်း ချစ်တတ်တယ်။ သူ့ပုံတွေကိုနမ်းတယ်။ အဖေကိုလည်း အရမ်း ချစ်တတ်တယ်။ အဖေကများ မနက်ဆိုရင် ချိစ်တွေ ကျွေးရင် နမ်းတော့တာပဲ”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင် (ခေါ်) ထရက်ရှာကတော့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာပဲ အသက် တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တနှစ်ပြည့် မွေးနေ့ကိုတော့ သူမကို ချစ်တဲ့ မိတ်ဆွေ၊ ပရိသတ်တွေက YGW မိဘမဲ့ ကလေးများကျောင်းမှာ မွေးနေ့အလှူ ပြုခဲ့ပါတယ်။
You may also like these stories:
“ဒီအချိန်မှာ ကောလာဟလ သတင်းတွေ မထွက်စေချင်ဘူး”လို့ စန္ဒီမြင့်လွင် ပြော
COVID-19 သတင်းတွေကြောင့် အလွန်အကျွံ ဈေးမဝယ်ကြဖို့ စန္ဒီမြင့်လွင် တိုက်တွန်း
“ကျန်းမာရေးဝန်ထမ်းတွေကို စာနာရင် ကူညီပေးကြပါ”လို့ နိုင်းနိုင်း ပြော