နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက COVID-19 ရောဂါကြောင့် Qurantine ဝင်ရသူတွေကို လက်ခုပ်တီး အားပေးပြီး သာဓုခေါ်တာမျိုး လုပ်သင့်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“Quarantine ဝင်ရတဲ့သူတွေကို အားပေးဖို့ လိုတယ်။ ဒီလိုလူတွေ Quarantine စင်တာ သွားဖို့ ကားပေါ်တက်သွားတယ်ဆို သူတို့ကို အမှန် လက်ခုပ်တီးပြီး သာဓုတောင် ခေါ်သင့်တယ်။ သူတို့က လူတွေ အသက်ကို ကယ်လိုက်တာပဲ။ ဖြစ်တဲ့လူကို ဝိုင်းပြီး လက်ညှိုးထိုးပြီး ဓာတ်ပုံ ရိုက်တာတွေ၊ ရပ်ကွက်ထဲ ဝိုင်းအုံတာတွေက ကူးစက်ခံရသူအတွက် အများနဲ့ တွေ့ရမှာ ကြောက်နေတယ်”
“ရောဂါ ဖြစ်နေရင်တောင် သူ ဝန်မခံတော့ဘူး။ သူက အပြင်တွေ သွားနေရင် အများကြီး ကူးကုန်မယ်။ ပြည်သူပြည်သားတွေက ကူးစက်တဲ့သူ ဆေးရုံသွားရင် သာဓု ခေါ်ရမယ်။ လက်ခုပ် တီးရမယ်။ ဒီလိုအားပေးမှု ရှိမှ ရဲရဲဝင့်ဝင့် သွားကြမှာ”လို့ ကျော်သူက ပြောပါတယ်။
ဆက်လက်ပြီး ဒီရောဂါက အကျင့် စာရိတ္တဖောက်ပြန်လို့ ကူးစက်တာ မဟုတ်ဘဲ ဆင်းရဲချမ်းသာ မရွေး ကူးစက်နိုင်တာကြောင့် ကူးစက်ခံရသူကို အားပေးစေချင်တယ်လို့ ဆိုပါတယ်။
“ဒီကူးစက်ရောဂါက စာရိတ္တ ဖောက်ပြန်လို့ ကူးစက်တာလည်း မဟုတ်ဘူး။ HIV တို့လိုလည်း မဟုတ်ဘူး။ အခုဆို ဒီပိုးက လေထဲမှာ ရှိနေတာဆိုတော့ ကြောက်စရာ ကောင်းတယ်။ သီလဖောက်ပြန်လို့ ကူးစက်တာလည်း မဟုတ်ဘူး။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး ကူးစက်နိုင်တယ်ဆိုတဲ့ အသိတရားတွေ ရှိပြီး ကူးစက်ခံရသူကို အားပေးစေချင်တယ်”လို့ ကျော်သူက ပြောပါတယ်။
စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသူတွေလည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း စနစ်တကျ လုပ်ကြပါလို့ ကျော်သူက ဆိုပါတယ်။
“စားဝတ်နေရေးအတွက် တနေ့လုပ် တနေ့စားသမားတွေကတော့ ထွက်ကြမှာပဲ။ ကျနော်တို့တောင် ဟန်မပျက် စားနိုင်တယ် ဆိုပေမယ့် ဒီရောဂါက ဘယ်လောက်ကြာမယ်မှန်း မသိဘူး။ အလုပ်ကတော့ လုပ်နေရမှာပဲ။ လုပ်ရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း စနစ်တကျ လုပ်ဖို့တော့ လိုတယ်”
“ကျနော်တို့လည်း ထွက်တာနဲ့ Mask တွေ၊ အကာတွေ ဝတ်ရတယ်။ Mask တပ်တာတော့ လုပ်ကို လုပ်သင့်တယ်။ လေထဲကနေ ဒီပိုးက ကူးစက်နိုင်တာကြောင့် တပ်ဖို့ အရေးကြီးတယ်။ အဲ့လို လုပ်ပြီးမှ အပြင်ထွက်ကြပါ။ မတပ်ဘဲ လည်ပင်းမှာ ချိတ်တာတို့ မလုပ်ပါနဲ့။ ကျနော်တို့ အသင်းကနေလည်း စနစ်တကျနဲ့ လုပ်နေပါတယ်”လို့ ကျော်သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၃၀၁၅ ဦး တွေ့ရှိထားပြီး ရောဂါပိုးကင်းစင်လာသူ ၆၉၉ ဦး၊ သေဆုံးသူ ၂၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ
အစ္စလာမ်ဘာသာဝင်များ ကိုဗစ်ကြောင့် သေဆုံးပါက မီး မသဂြိုဟ်ရန် ဘာသာရေးအဖွဲ့ချုပ်ပြော
အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ