ကိုရီးယားမီဒီယာ Dispatch ရဲ့ သတင်းထုတ်ပြန်ချက်အရ မကြာသေးခင်တုန်းက ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုနဲ့ ဆေးရုံတင်ခဲ့ရတဲ့ မင်းသမီး Oh In Hye ဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့အသိမိတ်ဆွေတွေက အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
မင်းသမီး Oh ရဲ့ အသိမိတ်ဆွေတဦးက “မင်းသမီးဟာ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ အဆုံးမှာတော့ သူဟာ ဘယ်တော့မှ သတိပြန်မလည်လာနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
မင်းသမီး Oh In Hye ဟာ သူ့ရဲ့ဘဝကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့အစောပိုင်းမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့နီးစပ်သူတွေက အိမ်မှာ မေ့မြောသတိလစ်နေတဲ့သူ့ကို တွေ့ရှိခဲ့ပြီးတဲ့နောက် အရေးပေါ် ဝန်ဆောင်မှုဌာနတွေဆီ ချက်ချင်းအကြောင်းကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် မင်းသမီး Oh ကို အနီးနားမှာရှိတဲ့ ဆေးရုံတခုရဲ့ အရေးပေါ်ခန်းထဲကို ပို့ဆောင်လိုက်ရပြီးသူ့ရဲ့ သူငယ်ချင်းတွေက မင်းသမီး ပြန်လည် သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။ အရေးပေါ်ခန်းထဲမှာ ကုသမှုကို ခံယူခဲ့ပြီးတဲ့နောက်မှာတော့ မင်းသမီးဟာ သွေးခုန်နှုန်း ပြန်ရလာခဲ့ပြီး အသက်ပြန်ရှုလာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မင်းသမီးဟာ သူ့ရဲ့ ဆိုးရွားတဲ့အခြေအနေကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီနေ့နေ့လယ်ပိုင်းမှာပဲ နှလုံးခုန်ရပ်သွားခဲ့ပြီးတဲ့နောက် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
မင်းသမီးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်ပဲ ရှိပါသေးတယ်။ မင်းသမီးရဲ့ ဈာပနအခမ်းအနားကိုလာမယ့် စက်တင်ဘာ ၁၆ ရက်နေ့၊ Inha University ဆေးရုံမှာ သီးသန့် ကျင်းပမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့အစောပိုင်းမှာ မင်းသမီးဟာ အင်ချွန်းမြို့မှာရှိတဲ့သူ့ရဲ့ နေအိမ်မှာနှလုံးရောဂါကို ခံစားနေရတယ်လို့ အင်ချွန်းယွန်ဆူရဲဌာနဲ့ အင်ချွန်းဆုန်ဒိုမီးသတ်ဌာနတို့ဟာအကြောင်းကြားချက်ကို လက်ခံရရှိခဲ့ပါတယ်။ ဒါ့ကြောင့် မင်းသမီးကို အရေးပေါ်ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကုသပေးပြီး အရေးပေါ်အခန်းထဲကို ပို့လိုက်ကြတာဖြစ်ပါတယ်။
မင်းသမီးနဲ့ အဆက်အသွယ် မရလို့ သူ့ရဲ့ သူငယ်ချင်းက ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းသမီးဟာ ၂၀၁၁ ခုနှစ်မှာ အနုပညာလောကထဲ ရောက်ရှိခဲ့သူဖြစ်ပြီး ရုပ်သံ၊ ရုပ်ရှင်နဲ့ အစီအစဉ်တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်တုန်းကတော့ သူ့အတွက် စိန်ခေါ်မှု အသစ် ရရှိဖို့ကိုယ်ပိုင် YouTube အသစ်တခုကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။
Ref:koreaboo
You may also like these stories:
မင်းသား ဆူရှန့်ဟာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ဆရာဝန်တွေ ပြော
လူငယ်တွေအကြား အဆုံးစီရင်မှုနှုန်းဟာ အတိုင်းအတာတခုထိ မြင့်တက်နေတယ်