Black Panther မင်းသား Chadwick Boseman ဟာ လော့စ်အင်ဂျလိစ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး ၆ ရက်အကြာမှာပဲ တောင်ကာရိုလိုင်းနားပြည်နယ်မှာရှိတဲ့ သူ့မွေးရပ်မြို့အနီးမှာ မြှပ်နှံသင်္ဂြိုဟ်လိုက်ပြီလို့ သေစာရင်းဌာနက စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မင်းသား Boseman ကို သူ့ရဲ့ မွေးရပ်မြို့ Anderson ကနေ ၁၇ ကီလိုမီတာ ကွာဝေးတဲ့ တောင်ကာရိုလိုင်းနားပြည်နယ်၊ Belton မြို့မှာရှိတဲ့ Welfare Baptist Church သုဿာန်မှာ စက်တင်ဘာလ ၃ ရက်နေ့တုန်းက မြှုပ်နှံ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
မင်းသားဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ သူ့ နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးမှု စာရင်းမှာတော့ မင်းသားရဲ့ ကိုယ်တွင်းကလီစာ အလုပ်မလုပ်တော့တာကြောင့်လို့ ဖော်ပြထားပြီး သေဆုံးရတဲ့ အကြောင်းအရင်းကတော့ အူမကြီးကင်ဆာဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကင်ဆာရောဂါကို ခံစားနေခဲ့ရတာလို့ သူ့ရဲ့ မိသားစုက ပြောဆိုထားပါတယ်။
မင်းသားဟာ အူမကြီးကင်ဆာကို ခံစားခဲ့ရပြီးတဲ့နောက် အဲ့ဒီရောဂါကို ဖယ်ရှားဖို့ ခွဲစိတ်ကုသခဲ့ပြီး အခုနှစ် မတ်လမှာတော့ တခြား ကိုယ်တွင်း အစိတ်အပိုင်းတွေအထိ ပျံ့နှံံ့နေတဲ့ ကင်ဆာရောဂါကို ဖယ်ရှားဖို့ ဝမ်းဗိုက်တွင်း မှန်ပြောင်းကြည့် ခွဲစိတ်မှုကို ခံယူခဲ့ရပါတယ်။ သေစာရင်းထဲမှာတော့ မင်းသားရဲ့ အလုပ်အကိုင်ကို အနုပညာရှင်လို့ ထည့်ထားပြီး သူ့ရဲ့ လုပ်ငန်းကိုတော့ ဖျော်ဖြေရေးလုပ်ငန်းလို့ ရေးထားတာ တွေ့ရပါတယ်။
Marvel ရုပ်ရှင် ၄ ကားမှာ Black Panther အဖြစ် သရုပ်ဆောင်ခဲ့သူမင်းသား Boseman အနေနဲ့ အူမကြီး ကင်ဆာရောဂါ ခံစားနေခဲ့ရတယ်ဆိုတာကို သူ့မိသားစုကလွဲလို့ လူအနည်းငယ်သာ သိခွင့်ရခဲ့ပြီး သူကွယ်လွန်ချိန်မှသာ ပရိသတ်တွေ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ မင်းသားဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ် ပဲရှိပါသေးတယ်။
Ref:CNA
You may also like these stories:
“Black Panther” မင်းသား Chadwick Boseman ကွယ်လွန်
အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော
Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် မိတ်ဆက်မယ့် Marvel