ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ပြသခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition ယှဉ်ပြိုင်မှုမှာ Coach ၄ ဦးစလုံး လှည့်ကြည့်ခံရတဲ့ ပြိုင်ပွဲဝင် တိုးကြီးကတော့ အဆိုတော် ရသရဲ့ “တစ်ခါတုန်းက” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အတွက် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
ဘာကြောင့် ရသရဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာလဲဆိုတာ တိုးကြီးက အခုလို ပြောပြခဲ့ပါတယ်။
“ဂီတကတော့ အမျိုးစုံပဲလေ။ တခုချင်းစီမှာ သဘောကျရတဲ့ အထင်ကရဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ မြန်မာနိုင်ငံ Rap Music မှာဆိုရင်လည်း ကိုရသကို အကြိုက်နှစ်သက်ရဆုံးလူ ဖြစ်တယ်။ ကိုရသက အခုဆိုရင် အားလုံးလို လွတ်လပ်တဲ့သူ တယောက် မဟုတ်ဘူးလေ။ ကိုရသကို သတိရပြီးသားလူတွေရော၊ ကိုရသဆိုတာ ဘယ်လိုလူလဲဆိုတာကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မွေးတဲ့ လူငယ်လေးတွေ သိမှာမဟုတ်ဘူး။ ထင်တာပဲနော်။ သူတို့အရွယ်မှာဆိုရင်လည်း ကိုရသသီချင်းတွေကို ပြန်တူးဆွရတော့မယ်”
“ကိုရသရဲ့ပရိသတ် အစစ်အမှန်တွေဆိုရင်လည်း သူ့အတွက် သတိရစရာတခုခု ဖြစ်သွားမယ်ဆိုရင်လည်း နောက်နှစ်မှာ ကိုရသကို ထပ်ပြီး တွေ့ချင်နေပြီ။ ဒါဟာ တနည်းနည်းနဲ့ ဖိအားပေးခြင်း တမျိုးပဲပေါ့နော်။ ကိုရသကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် ဆိုဖြစ်ခဲ့တာပါ” လို့ တိုးကြီးက ဧရာဝတီကို ပြောပါတယ်။
အဆိုတော် ရသရဲ့သီချင်းနဲ့ ပြိုင်ပွဲဝင်ဖို့ကိုလည်း ရသရဲ့မိဘများထံ ကိုယ်တိုင် သွားရောက် ခွင့်တောင်းခဲ့ပြီး ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Rap သီချင်းနဲ့ပြိုင်ခဲ့ပေမယ့် Coach ရွေးချယ်တဲ့အခါမှာတော့ Rapper တယောက်ဖြစ်တဲ့ ရန်ရန်ချန်းကို မရွေးချယ်ခဲ့ဘဲ အဆိုတော် ကျားပေါက်ကို ရွေးချယ်ခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ကျနော်က အားလုံးအနေနဲ့ ထင်ကြမှာက Rap တွေ ရွတ်တယ်ဆို ကိုရန်ရန်ချန်းဆီ သွားမယ် ထင်ကြတယ်ပေါ့။ ကျနော်က Rapper တယောက်အနေနဲ့ ဖြစ်တည်နေတာမျိုးတော့ မဟုတ်ဘူး။ ကျနော့်အလုပ်က အသံဖမ်း အင်ဂျင်နီယာ ဖြစ်တဲ့အတွက် ဂီတပေါင်းစုံနဲ့ မစိမ်းဘူး။ အဓိကက ဂီတကို ဖန်တီးချင်တာ။ သီချင်းတွေ ဖန်တီးချင်တာ။ ဒီဇိုင်းအမျိုးမျိူးပေါ့။ အတီးအခတ်နဲ့ အဆိုကို ပေါင်းလိုက်တဲ့ အချိန်မှာ Music တခုခု ထွက်လာမယ်လို့ မျှော်လင့်ထားတယ်” လို့ တိုးကြီးက ပြောပါတယ်။
ဆက်လက်ပြီး “Rap တွေပဲ သီးသန့်ရွတ်ဖို့အတွက် လူဖြစ်လာတာ မဟုတ်ဘူးလို့ ကိုယ့်ဘာသာကိုယ်ခံစားရတယ်။ အဲဒါကြောင့် ကိုရန်ရန်ချန်း အဖွဲ့ထဲ မဝင်ဖြစ်တာပါ။ သဘောကျပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက် တခုကြောင့်ပါ။ ကိုကျားဆီကိုက ကျနော် ကျော်ကြားမှု တခုအတွက်ကြောင့် မဟုတ်ဘူး။ ကျနော်နှစ်သက်တဲ့ Coach ထဲမှာ ပါဝင်တယ်။ ကိုကျားနဲ့ဆို အသစ်တွေ ဖန်တီးနိုင်မယ်လို့ ယုံကြည်လို့ ဝင်ခဲ့တာပါ” လို့ ပြောပါတယ်။
ဒီလိုမျိုးသီချင်းနဲ့ ပြိုင်ခဲ့တာကြောင့် တဖက်မှာလည်း အားပေးကြသလို တဖက်မှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။
“သူတို့က အနုပညာလုပ်နေကြတာ မဟုတ်ဘူးလေ။ ဒါကို အနုပညာ လုပ်တယ်လို့လည်း မခေါ်ဘူး။ အနုပညာဆိုတာ သူများအပြစ်ကို လိုက်ပြီး ရှာကြံ ပြောနေရတာမှ မဟုတ်တာ။ ခံစားနားဆင်ဖို့ ၊ အနုပညာစိတ်တွေ ကိန်းဝပ်ဖို့၊ ကျနော့်ကို ဝေဖန်တယ်ဆိုတာထက် ဆဲရေးတိုင်းထွာနေကြတာပေါ့။ ကျနော့် ပရိသတ် မိန်းကလေးတွေ၊ ယောကျာ်းလေးတွေပါ မကျန် ပြောခံနေရတော့ တဖက်က အောင်မြင်ရင် တဖက်က ဒါမျိုးဖြစ်နေတာ ကျနော်တို့နိုင်ငံက သဘာဝတခုလို ဖြစ်နေတာပေါ့”
“အကောင်းဘက်ကပြန်ကြည့်ရင် ကျနော့်ကို အမှားအယွင်း မရှိစေချင်ဘူး။ ပိုပြီးတော့ ကောင်းမွန်တဲ့သူတယောက် ဖြစ်စေချင်တယ်။ ကျနော့်မှာ မှားယွင်းနေတာတွေကိုလည်း ထောက်ပြနေတယ်လို့ မြင်တယ်။ သူတို့ထဲက တချို့ပြောတဲ့ စကားလေးတွေဆို အဆင်ပြေပါတယ်။ ရသင့်ရထိုက်တဲ့ သင်ခန်းစာတွေလို့ မြင်ပါတယ်။ Hater တွေရဲ့ကျေးဇူးတွေလည်း မကင်းပါဘူး” လို့ တိုးကြီးက ပြောပါတယ်။
တိုးကြီးကတော့ အသံဖမ်းအင်ဂျင်နီယာ တယောက်အနေနဲ့ ကိုယ်ပိုင် စတူဒီယိုတခုကို တည်ထောင်ထားတာ ၇ နှစ်ကျော်ခန့် ရှိနေပြီဖြစ်ပြီး The Voice Myanmar ကတော့ သူ့ရဲ့ပထမဆုံး ဝင်ပြိုင်တဲ့ အကြီးမားဆုံးပြိုင်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“ကိုယ့်သီချင်းနဲ့ကိုယ် ပေါက်ချင်ပါတယ်”လို့ ပြောတဲ့ ဟေဇယ်နဲ့ အင်တာဗျုး
အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ