ဒါရိုက်တာ မင်းထင်ကိုကိုကြီး COVID-19 စစ်ဆေးမှု ခံယူမည်
ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ မင်းထင်ကိုကိုကြီးထံ အင်တာဗျူး လာရောက် မေးမြန်းခဲ့တဲ့ သတင်းထောက်တဦး COVID-19 ရောဂါ Positive အဖြေ တွေ့ရှိခဲ့တာကြောင့် ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ Swab Test ယူမည်ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အသိပေးထားပါတယ်။
“ကျနော် Swab Test ယူဖို့ ဒီနေ့ ၁၅ ရက် စက်တင်ဘာမှာ ဆေးခန်းသွားပါ့မယ်။ အဲဒါကို ပြောရတာ အားနာပါတယ်။ မပြောဘဲ မထားသင့်ဘူး ထင်လို့ အားနာနာနဲ့ပဲ ပြောရတာပါ” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
အဆိုပါ အင်တာဗျူးကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့က သူ့ရဲ့နေအိမ်မှာ လက်ခံဖြေဆိုခဲ့တာဖြစ်ပြီး ဖြေဆိုချိန်မှာလည်း Mask ၊ Face Shield များ တပ်ဆင်ကာ မေးမြန်းဖြေဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“၁၀ ရက်နေ့ နေ့လည်ခင်းမှာ သတင်းမီဒီယာ တခုက အင်တာဗျူးကို ကျနော့်အိမ်မှာ လက်ခံခဲ့ပါတယ်။ သူတို့ ၂ ယောက် လာပါတယ်။ Mask တပ်ထားကြပါတယ်။ ကျနော့်ကို မေးတဲ့ တယောက်က Mask ပေါ်မှာ Face shield လည်း တပ်ထားပါသေးတယ်။ ကျနော်ကလည်း Mask နဲ့ပဲ အင်တာဗျူး ဖြေခဲ့ပါတယ်” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
အဆိုပါ မီဒီယာမှ လာရောက်မေးမြန်းသူ ၂ ဦးအနက် ၁ ဦးမှာ သံသယ ရှိတာကြောင့် စစ်ဆေးခဲ့ရာမှ စက်တင်ဘာလ ၁၄ ရက်နေ့ညပိုင်းမှာ Positive ဖြစ်ကြောင်းသိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“၁၃ ရက်နေ့ကတော့ ကျနော့်ကို မေးတဲ့ ၁ ယောက်က သူ သူ့ကိုယ်သူ သံသယဝင်လို့၊ အနံ့ပျောက်သွားလို့ Swab test ယူဖို့ ဆေးရုံရောက်နေကြောင်း Facebook မှာ ရေးတာ မြင်လိုက်တယ်။ အဲဒါနဲ့ ဖုန်းဆက်ပြီး မေးရပါတယ်။ ၁၄ ရက်နေ့ ညပိုင်းမှာ သူ့ Swab test အဖြေ သိရမယ် ပြောပါတယ်။ ၁၄ ရက်နေ့ည ၉ နာရီလောက်မှာတော့ သူ့ Facebook မှာ သူ့ Swab test အဖြေ Positive ဖြစ်ကြောင်း ရေးထားပါတယ်”လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကိုယ်တိုင်တော့ အနံ့မပျောက် မဖျားမနာ သေးပေမယ့် Primary Contact အနေနဲ့ Swab Test ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ကတော့ အခုထက်ထိ အနံ့ မပျောက်သေးပါဘူး၊ မဖျားသေးပါဘူး။ ဒါပေမဲ့ ကျနော်က သူ့ရဲ့ Primary contact ဖြစ်နေပါပြီ။ ဒါကြောင့် Swab test ယူဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အသိပေးရတာ အားနာပါတယ်” လို့ ပြောပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေးကဗျာ မူကြမ်းကို လေလံတင်ရောင်းချကာ ရရှိခဲ့သည့် ငွေကြေးများကို NLD ပါတီ အောင်နိုင်ရေး ရန်ပုံငွေ အသုံးပြုရန်အတွက် လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
ဧရာဝတီတိုင်း မြို့နယ် ၁၃ မြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေ
ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေး ယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်း တည်ဆောက်