COVID-19 ရောဂါကြောင့် သေဆုံးမှုများ မြင့်တက်နေတဲ့အပေါ် ကိုယ်တိုင် ရောဂါ ခံစားခဲ့ရပြီး ပျောက်ကင်းသွားခဲ့တဲ့ အဆိုတော် နီတာက အတတ်နိုင်ဆုံး အပြင်မသွားဘဲ အိမ်မှာနေကြပါလို့ ပြောပါတယ်။
“ဒုတိယလှိုင်းက လျော့မယ်လို့ ထင်ထားတာ ပိုပြင်းတယ်။ လူသေတာလည်း များလာတာ ကျနော် အဲ့ပေါ်မှာ စိတ်ပူပါတယ်။ အတတ်နိင်ဆုံး အပြင်မသွားဘဲနဲ့ အိမ်ထဲမှာပဲ နေဖို့ ပြောချင်ပါတယ်။ မလိုအပ်ရင် အပြင်မထွက်ဘဲ လိုအပ်လို့ ထွက်ရရင်လည်း Mask တပ်၊ လက်ဆေးကြဖို့ ပြောချင်ပါတယ်။ အပြင်ထွက်ရလို့ လေထဲကနေတဆင့် ထိတွေ့မိရာကနေ ကူးစက်ရင် ပိုဆိုးလာမှာပေါ့”
“မကူးစက်နိုင်အောင်နေမှပဲ ကျနော်တို့ ဒီရောဂါကို အမြန်ဆုံး ပျောက်ကင်းမှာပေါ့။ တယောက်ကူး တယောက်ကူး ကူးနေရင်တော့ အချိန်ကြာလာတာနဲ့ အမျှ ကျနော်တို့ အလုပ်တွေ စားဝတ်နေရေးတွေ ထိခိုက်ကုန်မှာပါ။ အားလုံး ပူးပေါင်း လိုက်နာလိုက်ရင်တော့ အမြန်ဆုံး ကျနော်တို့တွေ အဆင်ပြေလာမှာပေါ့။ စည်းကမ်းလေးတွေ လိုက်နာကြပါလို့လည်း မေတ္တာရပ်ခံချင်တယ်”လို့ နီတာက ပြောပါတယ်။
ကိုယ်တိုင်လည်း ကိုယ်ခံအား ပြန်တက်လာအောင် ပြုမူနေထိုင်တာကြောင့် ပြန်လည် သက်သာလာတာ ဖြစ်ပြီး အဲ့နည်းတွေအတိုင်း နေကြဖို့ နီတာက အခုလို ဆိုပါတယ်။
“အိမ်မှာလည်း မဖျားမနာအောင် နေရမယ်။ ရေများများ သောက်တာတို့၊ အုန်းရည်သောက်တာတို့၊ ဆားရေ ပလုတ်ကျင်းတာတို့ လုပ်ပေးသင့်ပါတယ်။ အားရှိတဲ့ အစားစားတွေလည်း စားကြပါ။ ကျနော်ကိုယ်တိုင်လည်း အဲ့နည်းနဲ့ အဆင်ပြေလာတာပေါ့”လို့ နီတာက ပြောပါတယ်။
Swab ယူရမှာကို ကြောက်နေကြသူတွေကိုလည်း နီတာက အခုလိုပဲ ဆိုပါတယ်။
“Swab ယူတာက ကျနော်တို့တုန်းကလို မဟုတ်တော့ဘူး။ နည်းပညာလည်း မြင့်လာတော့ အရမ်းဆိုးဆိုးဝါးဝါး မရှိတော့ဘူး။ အကုန်ကောင်းတယ်။ အဆင်ပြေတယ်။ အရမ်းလည်း မနာပါဘူး။ Swab ယူလို့ ဘာမှ မရှိလည်း အေးဆေး နေလို့ရတယ်။ ရှိရင်လည်း ကာကွယ်လို့ ရမယ်။ Swab ယူတာကို ကြောက်နေလို့ မစစ်ဘဲ ပတ်ပြေးနေရင်တော့ အသက် အန္တရာယ်ရှိတယ်”
“အသက်က တန်ဖိုးရှိတာမို့ ဒီစစ်တာလောက်ကတော့ ဘာမှ မဟုတ်ဘူး။ စစ်ဖို့တော့ လိုတယ်။
ပိုးတွေ့ လူနာကို လာခေါ်ရင် ကင်မရာတွေ ရိုက်ကြ ဝိုင်းအုံကြည့်ကြနဲ့ မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာသင့်တယ်။ ကိုယ့်ကိုအဲ့လို ကူးလာလို့ ဖြစ်လာရင်ရော အဲ့လို လုပ်ရင် ကြိုက်မလား။ အားပေးသင့်တယ်။ အဲ့လို မလုပ်သင့်ပါဘူး”လို့ နီတာက ပြောပါတယ်။
COVID-19 ရောဂါကို ကုသပေးနေတဲ့ ဆရာဝန်၊ ဆရာမတွေကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။
“ဆရာဝန်၊ ဆရာမတွေက သူတို့အသက်တောင် မနှမြောဘဲ စာနာတဲ့စိတ်နဲ့ လာလုပ်ပေးတာ။ ကိုယ်ကရောဂါ ဖြစ်နေတဲ့သူဆိုရင် ကိုယ့်ဆီက ကူးစက်နိုင်တာကို သိရဲ့နဲ့ သူတို့ လုပ်ပေးနေကြတာ။ တကယ်ကို တန်ဖိုးကြီးမားတဲ့ ပုဂ္ဂိုလ်တွေ၊ တကယ်ကို စိတ်ဓာတ်မြင့်မားတဲ့သူတွေ၊ သူတို့ကို လေးစားတယ်။ သူတို့က နိုင်ငံအတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့သူတွေပါ”လို့ နီတာက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၃၂၉၉ ဦး တွေ့ရှိထားပြီး ရောဂါပိုးကင်းစင်လာသူ ၇၉၀ ဦး၊ သေဆုံးသူ ၃၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ
“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်