COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်နေတဲ့အပေါ် သရုပ်ဆောင် ခါရာက ဒီအချိန်မှာ အတတ်နိုင်ဆုံး အပြင်မထွက်ဖြစ်အောင်နေပြီး အိမ်မှာပဲ လေ့လာလို့ ရတာတွေကို လေ့လာနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ မဖြစ်မနေ ရိုက်ရမယ့် ရိုက်ကူးရေးကို စည်းကမ်း သတ်မှတ်ချက်တွေနဲ့ မဖြစ်မနေ လုပ်နေရပါသေးတယ်။ အပြင်တွေလည်း အတတ်နိုင်ဆုံး မထွက်ဖြစ်အောင် နေတယ်။ Gym မသွားဘဲ အိမ်မှာပဲ လုပ်လို့ရအောင် လေ့ကျင့်တယ်။ နောက် အိမ်မှာနေပြီး လေ့လာလို့ ရမှာတွေ အကုန်လုံးကို တိုးတက်အောင် လေ့လာတယ်”လို့ ခါရာက ပြောပါတယ်။
ကိုဗစ် ဒုတိယလှိုင်းက ကူးစက်မှုနှုန်း ပိုမြန်တာကြောင့် အားလုံး တက်ညီလက်ညီနဲ့ စည်းကမ်း လိုက်နာမှ ကိုဗစ်ကို တိုက်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။
“အပြင်သွားရင်လည်း ဂရုစိုက်ကြပါ။ ဒုတိယလှိုင်းက ကူးစက်မှု ပိုမြန်တယ်။ ပရိသတ်တွေလည်း ဂရုစိုက်ပါ။ လူစုလူဝေး ရှောင်ပါ။ အခုက ကူးစက်မှု မြန်တော့ အရမ်းအရေးကြီးတဲ့ အခြေအနေတခု ဖြစ်နေတာကြောင့် ဂရုတစိုက် နေကြပါ။ အားလုံး တက်ညီလက်ညီနဲ့ စည်းကမ်း လိုက်နာမှ ကိုဗစ်ကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်”လို့ ခါရာက ပြောပါတယ်။
အွန်လိုင်းစာမျက်နှာမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သတင်းအမှားတွေကို လိုက်ကြည့်ပြီး စိုးရိမ်မလွန်ကြဖို့လည်း အခုလို ဆိုပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနက သတင်းတွေပဲ ကြည့်ကြပါ။ သတင်းအမှားတွေကို လိုက်ကြည့်ပြီး စိုးရိမ်မနေပါနဲ့လို့ ပြောချင်တယ်။ ဒီလို အခြေအနေမှာ အားလုံးရပ်လိုက်တော့ အလုပ် မလုပ်ကြနဲ့တော့ ဆိုပြီးလည်း လုပ်လို့မရဘူး။ ဒီလို ခက်ခဲနေတဲ့ အချိန်မှာ ဘယ်လို Plan တွေ ချပြီး နေကြမလဲပေါ့။ ဒီချိန်မှာ စားဝတ်နေရေးက အရေးကြီးတယ်”
“အလုပ်လုပ်နေရတဲ့သူတွေလည်း ကိုယ်ခံအားကောင်းအောင် နေပြီး လူစုလူဝေးကို ရှောင်နေပါ။ အဲ့ဒါဆို ရောဂါကူးစက်မှုလည်း နည်းသွားမယ်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ အခုချိန်မှာ အရမ်းပင်ပန်းတာတွေ မလုပ်ပါနဲ့။ အစားလည်း များများစားပြီး ရေလည်းများများသောက်ပါလို့ ပြောချင်တယ်။ အခုလိုခက်ခဲနေချိန်မှာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ခါရာက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၃၆၃၆ ဦး တွေ့ရှိထားပြီး ရောဂါပိုးကင်းစင်လာသူ ၈၃၂ ဦး၊ သေဆုံးသူ ၃၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
COVID-19 နဲ့ ပတ်သက်ပြီး လူထူထပ်တဲ့ နေရာတွေ မသွားဖို့ ခါရာ တိုက်တွန်း
သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ခါရာ