ကမ္ဘာတဝှမ်း လူငယ်လူကြီးတွေကြားမှာ Trend တခုအနေနဲ့ ဖြစ်လာခဲ့တဲ့ Tiktok ကို မြန်မာနိုင်ငံမှာလည်း သရုပ်ဆောင် ဝါသနာပါတဲ့ လူတော်တော်များများက အသုံးပြုကြတာ တွေ့ရပြီး တချို့ကတော့ စီးပွားရေးအနေနဲ့ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။
ဒီထဲမှာမှ သရုပ်ဆောင် မေမီကိုကိုကတော့ Tiktok ကို သရုပ်ဆောင် လေ့ကျင့်ဖို့အတွက် ဝါသနာအရအသုံးချဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“Tiktok ကို စိတ်ပါရင် ရိုက်တယ်။ တခါတလေကျရင် အလှပြင်ပြီးတော့ ရိုက်တယ်ပေါ့။ ရိုက်တဲ့အခါကျရင် စိတ်တိုင်းမကျမချင်း ရိုက်တယ်။ ပရိသတ်ကို ရသ အသေးအမွှေးလေးကအစ ပေးလိုက်တယ်။ ရိုက်တယ်၊ ကြည့်လိုက်တယ် ဒီလောက်နဲ့ မပြီးသွားစေချင်ဘူး။ ရင်ထဲမှာ တခုခု ကျန်အောင်ပေါ့။ အကောင်းပြောတာလေးတွေ လိုချင်တာပေါ့။ ကိုယ်မျှော်လင့်တဲ့အတိုင်း ကောင်းတာလေးတွေ ပြန်ကြားရတယ်” လို့ မေမီကိုကိုက ပြောပါတယ်။
Tiktok ဗီဒီယိုတွေ တင်တိုင်းလည်း ကြည့်ရှုတဲ့သူကို တခုခု ခံစားစေချင်တဲ့အတွက် ကြိုးစားပြီး ရိုက်တာကြောင့် ပရိသတ်က အားပေးကြတာ ဆိုပါတယ်။
“မေမီ့ရဲ့ Tiktok ဗီဒီယိုတွေ ကြည့်တိုင်း တခုခုကျန်တယ်ပေါ့။ သရုပ်ဆောင်တာပဲဖြစ်ဖြစ်၊ မျက်လုံးအိုက်တင်ပဲဖြစ်ဖြစ်၊ Mood တွေတော်တော်ကောင်းတယ်ပေါ့။ သာမန် သီချင်းလေးမှာ ဆိုပြီး သရုပ်ဆောင်ရင်တောင် ကြည့်ရတာ တော်တော်ကောင်းတယ်တဲ့။ အဲ့လို ပြောကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လည်း အဲ့လိုအနေအထား ရောက်အောင် ကြိုးစားထားလို့ပေါ့”
“များသောအားဖြင့်ငိုပြီး သရုပ်ဆောင်ရတာကို ကြိုက်ကြတယ်။ စိတ်ဆိုးပြီး အော်တာတို့၊ ဘာတို့ဆို သဘောကျကြတယ်။ လိုက်ပြီး ခံစားရတယ်။ တချို့တွေဆို လိုက်ပြီး ငိုမိတယ်တို့ အဲဒါလေးတွေပြန်ကြားတော့ ပျော်ရတယ်ပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။
နောက်ပိုင်းမှာတော့ Tiktok မှာ Follower သန်းချီထိ ရှိလာခဲ့တဲ့အခါမှာ လောဘကြီးလာခဲ့ပေမယ့် ဝါသနာအရပဲ အသုံးချဖြစ်တယ်လို့ ဆိုပါတယ်။
“လောလောဆယ် အသုံးချမိတာ သရုပ်ဆောင် လေ့ကျင့်မယ်။ အဲ့လောက်ပဲ။ Fan တွေ ဘာတွေတောင် အဲ့လောက် မစဉ်းစားထားဘူး။ အခုနောက်ပိုင်း Follower တွေဆို Million တွေ ဘာတွေ ဖြစ်လာတော့ အစကဆို K လောက်ပဲ ရှိတာလေ။ အခုဆို Million တွေ ဖြစ်လာတော့ လောဘက ကြီးလာတော့ ထပ်ပြီး ပိုလိုချင်တယ်။ ရလေရလေ အိုတစ္ဆေပေါ့။ သူများတွေဆို စီးပွားရေးတောင် လုပ်နေကြပြီပေါ့”
“Tiktok ကနေ ကြော်ငြာလေးတွေပေါ့။ ပရိုမိုးရှင်းတွေ လုပ်တာ တွေ့ရတော့ ဝမ်းသာတယ်။ ကိုယ်တိုင်ကတော့ ပျက်တာ များတယ်။ အဲ့တော့ ဝါသနာအရပဲ လုပ်ဖြစ်ပါတယ်”လို့ မေမီကိုကိုက ပြောပါတယ်။
မေမီကိုကိုကတော့ သရုပ်ဆောင်ကောင်းရုံသာမက အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ “ယုံကြည်နေမယ့် ချစ်ခြင်း” သီချင်းလည်း ထွက်ထားပါတယ်။ ဒါ့အပြင် မေမီကိုကို ကိုယ်တိုင် ရေးသားထားတဲ့ “အနမ်းတပွင့်၏ ကျိန်စာ” ဆိုတဲ့ စာအုပ်လည်း ထွက်ရှိထားပါတယ်။
You may also like these stories:
သမ္မတ ထရမ့်ကို TikTok ကုမ္ပဏီဘက်က တရားစွဲမည်
TikTok မှာ ခန္ဓာကိုယ်အသားပေး ဝတ်စုံတွေ ဝတ်ဆင်ခဲ့လို့ အလုပ်ပြုတ်နိုင်ခြေ ရှိတဲ့ ရဲမေ