ဗြိတိသျှမင်းသား John Boyega ဟာ တရုတ်နိုင်ငံမှာ ဖြန့်ချိမယ့် ပရိုမိုးရှင်းဗီဒီယိုမှာ သူပါဝင်ထားတဲ့ သရုပ်ဆောင် နေရာကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ရေမွှေးနဲ့ ဖယောင်းတိုင် ကုန်ပစ္စည်း Jo Malone ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
မင်းသား Boyega က လန်ဒန်မှာရှိတဲ့ သူ့နေအိမ်မှာ သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးနေတဲ့အကြောင်း ရိုက်ကူးထားတဲ့ “London Gent” ဆိုတဲ့ ဇာတ်လမ်းတိုဟာ မူရင်းဗားရှင်းဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ ကြော်ငြာဖို့ ပြန်ရိုက်ကူးထားတဲ့ ဗားရှင်းမှာတော့ လူမည်းသရုပ်ဆောင်တွေကို ဖယ်ရှားပြီး မင်းသား Boyega ရဲ့နေရာမှာ တရုတ်မင်းသား Liu Haoran နဲ့ အစားထိုးထားခဲ့တာ ဖြစ်ပါတယ်။
“Star Wars” ရုပ်ရှင်မှာ Finn အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် မင်းသား Boyega က သူ့ရဲ့ သဘောတူညီချက်နဲ့ ကနဦး အသိပေးမှု မရှိဘဲ ဒေသတွင်း သရုပ်ဆောင်တယောက်ကို အစားထိုးဖို့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသားက “အဲ့ဒီရုပ်ရှင် ကျနော့်မိသားစုနဲ့ သူငယ်ချင်းတွေ အပါအဝင် မွေးရပ်မြို့ကို ပြသထားတဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ကုန်ပစ္စည်း Brand တော်တော်များများက ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း သံတမန်တွေ တော်တော်များများကို နားလည်မှုရှိရှိနဲ့ အသုံးပြုကြပေမယ့် တစုံတယောက်ရဲ့ ယဉ်ကျေးမှုကို ဒီလိုမျိုး ခေါင်းဖောက်စားတာတော့ ကျနော် သည်းခံနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
မင်းသား Boyega ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မီဒီယာတွေကို မှတ်ချက် တစုံတရာ ပြောတာမျိုး မရှိသေးပါဘူး။ နယူးယောက်အခြေစိုက် Estée Lauder ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Jo Malone ကုန်ပစ္စည်းကတော့ Boyega ကိုယ်တိုင် ဖန်တီးရိုက်ကူးတဲ့ ဒီကြော်ငြာကို ယူခဲ့မိတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တောင်းပန်လိုက်ပြီး မင်းသား Haoran ကို အစားထိုးခဲ့တာဟာ အမှားတခုဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ “ကျနော်တို့ဟာ ဒီကမ်ပိန်းအတွက် ဒေသဆိုင်ရာ ဗားရှင်းကို ဖယ်ရှားဖို့နဲ့ အရေးယူမှု ချက်ချင်း လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ဒီလိုမျိုး နာကျင်စေမှုနဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့ အသိအမှတ် ပြုပါတယ်” လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ ကုမ္ပဏီရဲ့ ပထမဆုံးအမျိုးသားကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ်ကနေ နုတ်ထွက်တဲ့ မင်းသား Boyega ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခဲ့ပါတယ်။
မင်းသားဟာ တရုတ်ဈေးကွက်မှာ အခုလိုမျိုး ဖယ်ထုတ်ခံရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Star Wars: The Force Awakens” ရုပ်ရှင်ရဲ့ ပိုစတာမှာလည်း မင်းသားရဲ့ ဇာတ်ကောင် Finn ရဲ့ပုံရိပ်ကို အရွယ်အစား ချုံ့ပစ်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားနွယ်ဖွား လန်ဒန်မြို့သား မင်းသား Boyega ဟာ ပြီးခဲ့တဲ့ ဇွန်လ၊ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Black Lives Matter” စုဝေးမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
Ref: asiaone