မကြာခင် ထွက်ရှိလာမယ့် ဘောလိဝုဒ်ရုပ်ရှင်ထဲက သီချင်းတပုဒ်ရဲ့ မူရင်းစာသားတွေဟာ အသားအရေ ဖြူဝင်းမှုကို အမွှန်းတင်ထားပြီး အမေရိကန် လူမည်း အမျိုးသမီး ပေါ့ပ်စတားတဦး ဖြစ်တဲ့ အဆိုတော် ဘီယွန်းစေးကို မလျော်မကန် ကိုးကား နမူနာပြုထားတယ်လို့ သိရပါတယ်။
အဲဒီ သီချင်းဟာ လူမျိုးရေးခွဲခြားမှုမြောက်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်ခံခဲ့ရပြီးနောက် အဆိုပါ သီချင်းကို အသစ် ပြန်ရေးသားမယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Maqbool Khan ရိုက်ကူးထားတဲ့ Khaali Peeli ရုပ်ရှင်ထဲက သီချင်းတပုဒ်မှာ “အသားအရေ ဖြူဝင်းတဲ့ အမျိုးသမီးဖြစ်တဲ့ မင်းကို ကြည့်ပြီးရင်တော့ ဘီယွန်းစေးတောင် ရှက်နေတော့မှာပဲ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ Khan က “အဲ့ဒီသီချင်းစာသားဟာ လူမျိုးရေးခွဲခြားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး” လို့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပြီး အဲ့ဒီရုပ်ရှင် ထုတ်လုပ်သူတွေဟာ ဘီယွန်းစေးရဲ့ အမာခံပရိသတ်တွေ ဖြစ်တဲ့အပြင် မလေးမစားပြုဖို့ မရည်ရွယ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
“ဂေါရီယ (အသားဖြူဝင်းတဲ့ အမျိုးသမီး) ဆိုတဲ့စကားလုံးက တခါတလေ အိန္ဒိယသီချင်းတွေမှာ ကောင်မလေးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပုံမှန်သုံးစွဲနေကြပါ။ အဲ့ဒါကို တကယ့် တိတိကျကျ ပုံစံကြီး ဘာသာပြန်ဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်” လို့ ဒါရိုက်တာက ဆိုပါတယ်။
အငြင်းပွားဖွယ် စာသားတွေ ပါဝင်နေတဲ့ အဲ့ဒီသီချင်းရဲ့ ဗားရှင်းအသစ်ကိုတော့ ဂီတနားဆင်နိုင်တဲ့ App တွေမှာ ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း ရုပ်ရှင်အတွက် ပြောခွင့်ရသူက ဆိုပါတယ်။
အိန္ဒိယရုပ်ရှင်လုပ်ငန်းဟာ ရံဖန်ရံခါဆိုသလို ဖြူဝင်းတဲ့ အသားအရေနဲ့ မည်းနက်တဲ့ မျက်နှာတွေကို မုန်းတီးမှုအပေါ် မီးလောင်ရာ လေပင့်နေတယ်ဆိုပြီး စွပ်စွဲခံရလေ့ရှိပါတယ်။
အဲ့ဒီကိစ္စဟာ အခုနှစ်အစောပိုင်းကဖြစ်ခဲ့တဲ့ Black Lives Matter ဆန္ဒပြမှုတွေအတွင်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ ဘောလိဝုဒ်စတားတွေက အသားအရေ ဖြူဝင်းစေတဲ့ အလှကုန်ပစ္စည်းကြော်ငြာတွေမှာ ပါဝင်ကြတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
လှုံ့ဆော်သူတွေကတော့ အဲ့ဒီသီချင်းစာသားကို ဝေဖန်ကြတာနဲ့ ပတ်သက်လို့ Twitter ကနေ ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ အလှအပကို အသားအရေ ဖြူဝင်းမှုနဲ့ ညီမျှခြင်းချတဲ့ ပြောဆိုမှုတွေ၊ ဘောလိဝုဒ် သီချင်းစာသားတွေကို ရှားရှားပါးပါး စိန်ခေါ်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုတော် ဘီယွန်းစေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ “Black is King” ဆိုတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ အယ်လ်ဘမ်ထဲမှာ လူမည်းယဉ်ကျေးမှုကို ဂုဏ်ယူစွာ တင်ပြထားပြီး လူမည်းတွေရဲ့ အလှတရားနဲ့ နာမည် အမှတ်အသားကို ရှာဖွေကြဖို့ ဖော်ပြထားတဲ့ ဂီတဗီဒီယိုတွေလည်း ပါဝင်ခဲ့ပါတယ်။
Ref: straitstimes
You may also like these stories:
တရုတ်သမိုင်းကို ပုံဖျက်ထားတယ်လို့ ဝေဖန်ခံနေရတဲ့ “The Eight Hundred” ရုပ်ရှင်
အိန္ဒိယက အကြီးဆုံး မိကျောင်းခြံကြီး ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရ