ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ဆိုပြီး ဖြစ်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အကြောင်း လူတွေ သိပ်မသိခင်မှာ တရုတ် ဒါရိုက်တာ နှစ်ဦးဟာ အကာအကွယ် ဝတ်စုံတွေ ဝတ်ဆင်ပြီး တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ ဆေးရုံတွေကို သွားရောက်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ ဆေးရုံံတံခါးတွေကို ထုရိုက်နေကြတဲ့ မြို့သူမြို့သားတွေ၊ ပင်ပန်းနွမ်းနယ်မှုကြောင့် လဲကျနေတဲ့ ဆေးဝန်ထမ်းတွေ၊ ရောဂါကူးစက်ခံရသူတဲ့ ချစ်ခင်ရသူတွေကို နှုတ်ဆက်နေတဲ့ ဆွေမျိုးတွေ စတဲ့ အကြောင်းအရာတွေကို ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။ အခုတော့ အဲ့ဒီ ဓာတ်ပုံတွေ အားလုံးကို နယူးယောက် အခြေစိုက် ဒါရိုက်တာ Hao Wu က တည်းဖြတ် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက တိုရွန်တို ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့တဲ့ “76 Days” ရုပ်ရှင်ဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့အတွင်း ၇၆ ရက်ကြာ Lockdown ကာလအတွင်း ရိုက်ကူးထားဖြစ်ပြီး အဲ့ဒီ ကပ်ရောဂါ စတင်ခဲ့ရာ ဗဟိုချက်မှာ ရိုက်ကူးထားတဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ရုံတင်တော့မှာ ဖြစ်ပါတယ်။
ကြောက်လန့်နေကြတဲ့ တကယ့် လက်တွေ့ ပုံစံတွေနဲ့အတူ ဆရာဝန်တွေ၊ လူနာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို မှီးငြမ်းထားပြီး နောက်ခံ စကားပြော အသံတွေ၊ အင်တာဗျူးတွေကို ရုပ်ရှင်တကားအဖြစ် အသက်သွင်းထားတာ ဖြစ်ပါတယ်။
ဒါရိုက်တာ Wu ဟာ တရုတ်နိုင်ငံက မူရင်းဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ နှစ်ဦးကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာနှစ်ဦးထဲက တဦးရဲ့ ဘေးကင်းလုံခြုံမှုအတွက် နာမည်ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။
ဒါရိုက်တာ Wu က “တော်တော်လေးကို ခက်ခဲကြမ်းတမ်း ကြောက်ဖို့ကောင်းတဲ့ ရိုက်ကူးရေး အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ အရမ်းကို ပူလွန်းလို့ သူတို့တွေ မူးမေ့လဲခဲ့ကြတယ်။ အဲ့ဒီ အထဲက ဒါရိုက်တာ Weixi Chen ဆိုရင် သူ့ရဲ့ အန္တရာယ် ကာကွယ်ရေးမျက်မှန်ကို လွှင့်ပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်လို့သာ လွှင့်ပစ်လိုက်မယ်၊ PPE ကို ဖယ်ရှားလိုက်မယ်ဆိုရင် အပြင်ထွက်ပြီး နောက်တခေါက်ပြန်လာလို့ မရတော့ဘူးတဲ့။ တကယ့်ကို စစ်ဖြစ်နေတဲ့ နေရာမှာ ရိုက်ကူးခဲ့ရတဲ့ အတိုင်းပါပဲ” လို့ ဆိုပါတယ်။
ဒါရိုက်တာ Wu ရဲ့ အဖိုးဖြစ်သူဟာ ကပ်ရောဂါဖြစ်ပွားပြီး မကြာမီမှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမဲ့ COVID-19 ကြောင့် ဆေးရုံမှာ အရင်းအမြစ်တွေ ရှားပါးနေလို့ သူ့အဖိုး ဆေးရုံတက်ချိန်မှာ ခုတင်တောင် ရှာမရခဲ့ဘူးလို့ ဆိုပါတယ်။ သူက “အစမှာတော့ ကျနော် တရုတ်အစိုးရကို ဒေါသထွက်တယ်။ ဒါဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူ့အပြစ်လဲလို့ ဖော်ထုတ် ပစ်လိုက်ချင်ခဲ့တယ်”လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ သတင်း အချက်အလက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပေမယ့် သတင်း ရယူဖို့ ပိုမို လွယ်ကူခဲ့တယ်လို့ဆိုပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ ဆေးရုံတွေမှာ ရိုက်ကူးတဲ့အချိန် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နဲ့ တရားဥပဒေပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တကိုယ်ရည် ကာကွယ်တဲ့ ပစ္စည်းတွေ ပြတ်လပ်နေခဲ့တဲ့ ဝူဟန် ဆေးရုံတွေမှာ ကနဦးတုန်းက လှူဒါန်းမှုတွေနဲ့ စေတနာ့ဝန်ထမ်းတွေ များများရရှိနိုင်ဖို့ သတင်းရယူခွင့်အတွက် ကြိုဆိုပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ Wu က “တရုတ်နိုင်ငံသား အများစုဟာ ဒီရောဂါကြီးကို ထိန်းချုပ်နိုင်ခဲ့လို့ နိုင်ငံအတွက် ဂုဏ်ယူနေကြပါပြီ။ ဒါပေမဲ့ ဒါဟာ ဒဏ်ရာဟောင်းလို ကျန်နေခဲ့ဦးမှာပါ” လို့ ဆိုပါတယ်။
Ref: thejakartapost
You may also like these stories:
အဝတ်မဲ့ပုံ မှားတင်ပြီးနောက် ထောက်ခံပေးတဲ့ ပရိသတ်တွေကို Chris Evans ကျေးဇူးတင်
တရုတ်ကြော်ငြာမှာ ဖယ်ရှားခံရလို့ Jo Malone သံတမန်အဖြစ်မှ John Boyega နုတ်ထွက်
ဘီယွန်းစေးကို နမူနာပြုထားတဲ့ ဘောလိဝုဒ်သီချင်း လူမျိုးရေးခွဲခြားမှုနဲ့ ဖယ်ရှားခံရ