Entertainment

မိခင်ရဲ့ ရောဂါအခြေအနေကို စိုးရိမ်တာကြောင့် အကူအညီ တောင်းခဲ့တဲ့ ခင်ဘုဏ်း

COVID-19 ရောဂါ Positive ဖြစ်တာကြောင့် ရိုးမအိမ်ရာမှာ Quarantine ဝင်နေရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ ကြုံနေရတဲ့ အကြောင်းကို အဆိုတော် ခင်ဘုဏ်းက လူမှုကွန်ရက်မှတဆင့် ရေးသား အကူညီတောင်းခံခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ ကျန်းမာရေး မကောင်းတာကြောင့် ခင်ဘုဏ်းက စိုးရိမ်စိတ်တွေနဲ့ တင်ခဲ့တာ ဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက် စော်ကားလိုခြင်း မရှိဘူးလို့ သူ့ရဲ့အကောင့်မှာ ပြန်လည် ရှင်းပြထားပါတယ်။

“ဆီးချိုဝေဒနာရှင် အမေ့ရဲ့ အခြေအနေ အမှန်နဲ့ အဝေးရောက်နေတဲ့ ကျမရဲ့ခံစားချက်ကို တင်ပြတာပါ။ စေတနာနဲ့ ဝန်ထမ်းနေကြသူတွေကို ကျေးဇူးတင် နားလည် လေးစားပါတယ်။ တာဝန်ယူပေးကြတာလည်း နားလည်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားထိခိုက်လိုခြင်း မရှိပါ။ အမေ့ ကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်မယ့် နေရာလေးမှာ ရှိစေချင်တာလေးပါ”လို့ ခင်ဘုဏ်းက ဆိုပါတယ်။

ခင်ဘုဏ်းကတော့ အဆိုပါ အကူညီတောင်းထားတဲ့ ပို့စ်ကို ချစ်ရတဲ့သူတွေ စိတ်မရှုပ်စေချင်တာကြောင့် friends only (မိတ်ဆွေများသာ မြင်ရစေရန်) ပြန်ပြင်လိုက်ပြီး မိခင်ဖြစ်သူကို ကူညီကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“အကူအညီပေးကြမယ့်သူတွေ အများကြီး ရောက်လာတဲ့အတွက်လည်း ကျေးဇူးပါ။ အားပေးစကားတွေလည်း ကျေးဇူးပါ။ ချစ်ရတဲ့သူတွေ စိတ်မရှုပ်စေချင်လို့ ပို့စ်ကို friends only ပဲ လုပ်ထားလိုက်ပါပြီ။ ကမ္ဘာကြီးလည်း ဒီကပ်ဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ”လို့ ခင်ဘုဏ်းက ပြောပါတယ်။

ခင်ဘုဏ်းဟာ လက်ရှိ ပြည်ပမှာ နေထိုင်တဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်သူအပေါ် အရမ်း စိုးရိမ်မိခဲ့ရပြီး အခုလို ကူညီသူများကြောင့် အဆင်ပြေသွားတဲ့အတွက်လည်း စိတ်အေးရပြီလို့ ဆိုပါတယ်။

“စားစရာတွေ အများကြီးပို့ပေးကြ၊ အားပေးစကားတွေ ပြောပေးကြတဲ့အပြင် တတ်နိုင်သလောက် ဒီလို အဘက်ဘက်က ဝိုင်းဝန်း ဂရုစိုက်မှုတွေကြောင့် အမေ့အတွက် စိတ်အေးရပါပြီ။ အမေ့ သဘောထားကလည်း နေရာမပြောင်းချင်တော့တာကြောင့် အဲ့ဒီ့မှာပဲ ဆက်နေပါ”လို့ ခင်ဘုဏ်းက ပြောထားပါတယ်။

အဆိုတော် ခင်ဘုဏ်းကတော့ လက်ရှိ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ်တ်စ်ဘာ့ဂ် (Pittsburgh) မြို့မှာ အခြေချနေထိုင်လျက် ရှိပါတယ်။

You may also like these stories:

Tiktok ကို ဝါသနာအရ သရုပ်ဆောင် လေ့ကျင့်ဖို့ သုံးဖြစ်တဲ့ မေမီကိုကို

“အားလုံး တက်ညီလက်ညီ စည်းကမ်းလိုက်နာမှ ကိုဗစ်ကို တိုက်ထုတ်နိုင်မှာ”

“အားလုံး ပူးပေါင်းလိုက်နာရင် အမြန်ဆုံး အဆင်ပြေမှာပါ”လို့ နီတာ ပြော

Loading