အသက် ၈ နှစ်အရွယ်သာ ရှိပြီး ဟင်းချက်ရတာ ဝါသနာပါတဲ့ သမီးဖြစ်သူ Little Chef ရဲ့ ချက်ပြုတ်မှုများအပေါ် ဝေဖန်သူတဦးရဲ့ “ဟန်ဆောင် ချက်ပြတယ်” ဆိုတဲ့ စကားကြောင့် ကိုရီးယားဟင်းချက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာလို့ မိခင်ဖြစ်သူ အလှမယ် ဟန်နီချိုက ပြောပါတယ်။
“ပထမက သမီးကို ဟန်ဆောင် ဟင်းချက်ပြတာပါလို့ ပြောတဲ့သူရဲ့ ပို့စ်တစ်ခုကြောင့် သားအမိ နှစ်ယောက်က ဟင်းချက်ပြိုင်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ သမီးက တကယ်လည်း ဒီဟင်းချက်တာကို ဝါသနာလည်း ပါတယ်။ စိတ်ဝင်တစားနဲ့ သင်ပေးသမျှလည်း သေချာ သင်ယူတယ်”
“ဒိုင်တွေရှေ့မှာ လှီးတာရော၊ ချက်ပြီး ဟင်းပွဲပြင်တာပါ အပါ မိနစ် ၅၀ ထဲ ဝင်အောင် ချက်ပြရတာ ဆိုတော့ သမီးလေးရဲ့ ကြိုးစားမှုကို အများရှေ့မှာ Live လွှင့်ပြတာဆိုတော့ သမီးလေး အနေနဲ့ ဆု မရရင်တောင် ပြိုင်ရကျိုးနပ်တဲ့ ပြိုင်ပွဲ တခုပါ။ အခုဆို လူကြီးတွေနဲ့ အပြိုင်ချက်ရတဲ့ ကိုရီးယား ဟင်းချက်ပြိုင်ပွဲမှာ တတိယဆုပါ ရတယ်ဆိုတော့ သမီးလေးရဲ့ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပိုတိုးသွားတာက အမြတ်ပေါ့” လို့ ဟန်နီချိုက ဧရာဝတီကို ပြောပါတယ်။
သမီးဖြစ်သူဟာ သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ကိုရီးယားဟင်းချက်ပြိုင်ပွဲ “Global Taste of Korea” မှာ တတိယဆု ရရှိခဲ့တာဖြစ်ပြီး ဒီပွဲကတော့ သူ့ရဲ့ပထမဆုံးပြိုင်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။
သမီးလေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ မီဒီယာများမှာလည်း ဖော်ပြခြင်းခံရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“သမီးလေးက သူ့ရဲ့ ဝါသနာကို အကောင်အထည်ဖော်ရင်း အောင်မြင်မှုရတာဆိုတော့ ကြိုးစားနေတဲ့ သမီးလေးအတွက် ဝမ်းသာ ဂုဏ်ယူ ပီတိ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံက ကလေးငယ်လေး တယောက်ကို နိုင်ငံတကာ မီဒီယာက ဖော်ပြပေးတယ်ဆိုတော့ သမီးတို့လို ကလေးလေးတွေလည်း ကြိုးစားရင် အခုလို အောင်မြင်မှု ရတယ်ဆိုတာလေး လမ်းပြပေးနိုင်တဲ့ သမီးအတွက် ဂုဏ်ယူပါတယ်” လို့ ဟန်နီချိုက ပြောပါတယ်။
သားသမီးတိုင်းဟာ ထူးချွန်တာခြင်း မတူညီကြဘဲ ထူးချွန်တဲ့ သားသမီးတိုင်းဟာ ကြိုးစားရင်အောင်မြင်မှု ရနိုင်တယ်ဆိုတာ သမီးဖြစ်သူက နမူနာကောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ သားသမီးတိုင်းက ထူးချွန်တာခြင်းရော၊ စိတ်ဝင်စားတာခြင်းက သူများကလေးနဲ့ မတူနိုင်ပါဘူး။ တချို့ကတော့ အစကတည်းက ထူးချွန်တဲ့ သားသမီးတွေ ပိုင်ဆိုင်ကြပေမယ့် သမီးလေးလိုမျိုး ကြိုးစားရင် အောင်မြင်မှု ရနိုင်တယ်ဆိုတာ သမီးလေးက နမူနာကောင်းပါ”လို့ ဟန်နီချိုက ပြောပါတယ်။
ဆက်လက်ပြီး “ကလေးလေးတွေရဲ့ စိတ်နဲ့ တသားတည်းကျဖို့ အရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တာကို ပုံဖော်ပေးရရင် တချိန်ကြရင် သူတို့ဘက်က ကြိုးစားမှု့တွေ လျော့လာတတ်ပါတယ်။ သူတို့ ဖြစ်ချင်တာလေးကို ဘယ်လို ကောင်းအောင် လုပ်ကြမလဲဆိုပြီး အကောင်ထည်ဖော်ရင် ပိုကောင်းပါတယ်” လို့ ပြောပါတယ်။
အခု ရက်ပိုင်းမှာလည်း ဟန်နီချိုရဲ့ သမီး Little Chef လေးက နေ့တိုင်း ဟင်းတွေ ပြန်ချက်နေတယ်လို့ သိရပါတယ်။ “Katherine Little Chef” လို့ လူသိများတဲ့ သမီးလေး မိုးမြင့်မေသူကတော့ အသက် ၈ နှစ်အရွယ်သာရှိသေးပြီး Grade 3 တက်ရောက်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”
အလုပ်ကနေ လစာမဲ့ ထွက်လာပြီး Master Chef ဝင်ပြိုင်ခဲ့တဲ့ နေအောင်
“အဖေ့ကို မြင်စေချင်တယ်”လို့ Master Chef Myanmar ရဲ့ Season 2 Winner အာကာ ပြော