နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာဟာ ယနေ့၊ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၂ နာရီ အချိန်က ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ၂၆ လမ်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
“အဖေက မနက် ၂ နာရီလောက်က အိပ်နေရင်းနဲ့ပဲ ဆုံးသွားတာပါ။ နှလုံးသွေးကြောကျဉ်း ရောဂါပဲ ရှိတယ်။ တခြား ဘာရောဂါမှ မရှိဘူး။ မကွယ်လွန်ခင် ရှေ့ရက်တွေကတော့ နည်းနည်း နေမကောင်းဖြစ်တယ်။ လူကြီးနာပေါ့။ အိပ်ရာထဲက မထနိုင်တော့ဘူး”
“ကျမတို့က အဖေ့ကို ခွံ့ကျွေးရတယ်။ မသေခင်ညကတောင် Ensure သောက်တယ်။ ရေသောက်တယ်။ ကျမတို့ ရှေ့တင် အိပ်သွားတာ။ ညကျတော့ သွားကြည့်တော့ အသက် မရှိတော့ဘူး”လို့ ဦးပလာတာရဲ့ သမီးဖြစ်သူ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။
ကွယ်လွန်သူ ဦးပလာတာရဲ့ ဆန္ဒအရ ချက်ချင်း အသုဘ ချခဲ့တာဖြစ်ကြောင်း၊ အခုချိန် COVID-19 ရောဂါတွေ ဖြစ်နေပေမယ့် အသုဘချတာ အခက်အခဲ မရှိကြောင်း ဒေါ်သန်းသန်းဝင်းက ဆိုပါတယ်။
“အဖေ့ကို ချက်ချင်း အသုဘချလိုက်တာကတော့ အဖေက အရင်ကတည်းက မှာထားတာ။ သူ သေရင် အဲ့အလောင်းကို မထားနဲ့ ချက်ချင်းချတဲ့။ အဲ့တာကြောင့် ကျမတို့က ချက်ချင်းချလိုက်တာပါ။ အဖေ့ကို ၂၃ ရက်နေ့မှာ ရက်လည် လုပ်သွားမှာပါ။ အခုချိန် ကိုဗစ်တွေ ဖြစ်နေပေမယ့် အသုဘချတာ အခက်အခဲ မကြုံရပါဘူး။ အာလုံး အဆင်ပြေတယ်။ ဦးကျော်သူတို့အသင်းက ကူညီပေးပါတယ်”လို့ သမီးဖြစ်သူ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။
ဦးပလာတာဟာ ရေဒီယိုအငြိမ့် ခေတ်ဦးကာလကတည်းက လူရွှင်တော်အဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ လူရွှင်တော်ကြီး ဦးစံမတူနဲ့ အမြဲတွဲပြီး တွေ့ရလေ့ ရှိတဲ့ လူရွှင်တော် တဦးပါ။ အဲဒီနောက် အဖြူအမည်း ရုပ်ရှင်ခေတ်မှာလည်း သရုပ်ဆောင်တဦးအနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့ပါတယ်။
ဦးပလာတာမှာ မိသားစုဝင်များအနေဖြင့် သားသမီး ၆ ယောက်၊ မြေး ၁၀ ယောက်၊ မြစ် ၁၀ ယောက် ကျန်ရစ်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ နှစ်ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
တောင်ကိုရီးယား ပုဂ္ဂလိက ရုပ်သံလွှင့်ကုမ္ပဏီ JTBC ရှိ ဝန်ထမ်း ကိုဗစ် ကူးစက်
“ဟန်ဆောင် ချက်ပြတယ်”ဆိုတဲ့ စကားကြောင့် ဟင်းချက်ပြိုင်ခဲ့တဲ့ Little Chef
မိခင်ရဲ့ ရောဂါအခြေအနေကို စိုးရိမ်တာကြောင့် အကူအညီ တောင်းခဲ့တဲ့ ခင်ဘုဏ်း