ဂျပန်နိုင်ငံမှာ အခြေချ နေထိုင်လျက်ရှိတဲ့ သရုပ်ဆောင် မိုရီဆာကီဝင်း (ခ) အဝင်းကတော့ COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံကို လာရောက်လို့ မရပေမယ့် ဂျပန်နိုင်ငံမှာ ရိုက်ကူးရေးတွေ လုပ်ရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
“ကျနော် အခု ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီးတော့ TV Show တွေမှာ ပါဝင်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ ပြသနေတဲ့ သရဲကား “Youkai Ningen Bela” မှာလည်း ပါဝင် သရုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံမှာတော့ ကြည့်ရှုလို့ မရသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာလည်း မိုရီဆာကီဝင်းက အွန်လိုင်းကနေ One Man Live Show ပြုလုပ်ခဲ့ပြီး တကမ္ဘာလုံးကို ပြသခဲ့ပါတယ်။
“၈ လပိုင်းတုန်းကဆိုရင် ကျနော့်ရဲ့ One Man Live Show ကို ပရိသတ်တွေ မပါဘဲနဲ့ အွန်လိုင်း Live Show အဖြစ် တကမ္ဘာလုံးကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ အရင်တုန်းကလို ပရိသတ်တွေရှေ့မှာ Show မလုပ်နိုင်ပေမယ့် အခုကာလမှာ ကျနော် လုပ်နိုင်သမျှ လုပ်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
မိုရီဆာကီဝင်း (ခ) အဝင်းကတော့ ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းကလည်း ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ “The Japan Academy Awards” ဆုပေးပွဲမှာ “The Best New Face Actor Award” ဆုကို ရရှိခဲ့ပါတယ်။
မိုရီဆာကီဝင်းဟာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) Myanmar မှာလည်း တရားဝင် ကူညီပံ့ပိုးပေးနေသူတယောက် အဖြစ် ပါဝင်လျက် ရှိပါတယ်။
ကိုဗစ်ကာလအတွင်းမှာ အဝင်းဟာ မိသားစုနဲ့ ခွဲကာ ဂျပန်နိုင်ငံမှာ တဦးတည်း ဖြတ်သန်းလျက် ရှိပြီး COVID-19 ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုများ စဖြစ်တဲ့ ကာလမှ စတင်ကာ အခုအချိန်ထိ သူ့ရဲ့ Facebook Page ကနေ ပရိသတ်များကို သီချင်းများသီဆို ဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။
You may also like these stories:
ဝါရင့် လူရွှင်တော်ကြီး ဦးပလာတာ လူကြီးရောဂါဖြင့် ကွယ်လွန်
“ဟန်ဆောင် ချက်ပြတယ်”ဆိုတဲ့ စကားကြောင့် ဟင်းချက်ပြိုင်ခဲ့တဲ့ Little Chef
တောင်ကိုရီးယား ပုဂ္ဂလိက ရုပ်သံလွှင့်ကုမ္ပဏီ JTBC ရှိ ဝန်ထမ်း ကိုဗစ် ကူးစက်