ကိုဗစ်ကာလအတွင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ “Animal Adoption” ဆိုတဲ့ အစီအစဉ်ကို ပြုလုပ်လျက် ရှိပါတယ်။ ဒီအစီအစဉ်မှာတော့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်က ဆင်မကြီး မိုမိုကို ၃ လ မွေးစားလိုက်တယ်လို့ သိရပါတယ်။
“Yangon Zoo ကနေ Animal Adoption (တိရစ္ဆာန် မွေးစားခြင်း) ဆိုတဲ့ အစီအစဉ်ကို သဘောကျလို့ ကျနော် အကောင်သေးသေးလေး တကောင်ကို Adoption လုပ်ထားပါတယ်။ သူ့နာမည်က မိုမိုတဲ့။ ကျနော်က မိုမိုကို ၃ လ ဒီမှာ Adoption လုပ်ထားပါခင်ဗျာ” လို့ ပိုင်တံခွန်က ပြောပါတယ်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က ပြုလုပ်တဲ့ ဒီအစီအစဉ်မှာတော့ တိရစ္ဆာန်လေးတွေကို ယာယီ မွေးစားလို့ရတဲ့ အစီအစဉ်ဖြစ်ပြီး ယာယီမွေးစားခွင့်ကိုတော့ ၃ လ (သို့မဟုတ်) ၆ လ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
“ဒီမှာဆိုရင် တခြားကျားတို့ ခြင်္သေ့တို့ ဝက်ဝံတို့ကိုလည်း Adoption လုပ်လို့ရတယ်လို့ပြောသေးတယ်။ Adoption ကာလမှာ ၁ လ ၊ ၃ လ ၊ ၆ လ ထိ ရှိပြီးတော့ ကိုယ်မွေးစားတဲ့ အကောင်လေးတွေ ရှေ့မှာ ကိုယ့်ရဲ့နာမည်ကို ဆိုင်းဘုတ်လေးနဲ့ ကမ္ဗည်းမှတ်တမ်း တင်ပြီးတော့ ထောင်ထားပေးတယ်။ ကျနော်က မိုမိုကြီးကို မွေးစားထားတော့ မိုမို့ရဲ့ရှေ့မှာ ကျနော့်နာမည်နဲ့ ထောင်ထားတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
ယာယီ မွေးစားမယ့် တိရစ္ဆာန် ချစ်သူများအနေနဲ့ တိရစ္ဆာန်လေးတွေအတွက် အစာအာဟာရ ကျွေးမွေးပေးနိုင်ခြင်း ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပြီး အကောင်လေးတွေကိုလည်း အကြိမ် ၃၀ လာရောက် တွေ့ဆုံခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့က တိရစ္ဆာန် ချစ်တာ ဖြစ်တဲ့အတွက်ရော Yangon Zoo ကနေပြီးတော့ ဒီအစီအစဉ်လေး လုပ်ပေးတာ အရမ်းသဘောကျတယ်။ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို မွေးစားချင်တယ်လို့ စုံစမ်းပြီး မွေးစားနိုင်ပါတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
ဒီအစီအစဉ်ကိုတော့ နိုင်ငံတကာက Zoo တွေမှာလည်း ပြုလုပ်ပေးနေတဲ့ အစီအစဉ်ဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ရုံကလည်း ကိုဗစ်ကာလမှာ တိရစ္ဆာန်လေးတွေအတွက် စောင့်ရှောက်လို့ရအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ကိုဗစ်ကြောင့် ယာယီ ပိတ်ထားပါတယ်။
You may also like these stories:
“မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ သိပ်ကောင်းတဲ့ကံပါ”လို့ ပိုင်တံခွန် ပြော
COVID-19 ကြောင့် ပြည်ပက ကမ်းလှမ်းထားတဲ့ ရုပ်ရှင်တွေ ရပ်နားထားတဲ့ ပိုင်တံခွန်
ပိုင်တံခွန်နဲ့ ရုပ်ရှင် တွဲရိုက်မယ့်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက်