Entertainment

“တိုးကြီး”ဆိုတာ လူတိုင်းသိသွားတာ လိုချင်တဲ့ တိုးကြီး

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့က MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ Blind Audition နေ့မှာ Coach ၄ ယောက်စလုံး လှည့်ကြည့်တာ ခံခဲ့ရတဲ့ ပြိုင်ပွဲဝင် တိုးကြီးကတော့ သူ့ကို လူတိုင်းသိသွားတာ လိုချင်လို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့်ကို “စစ်သားချစ်သူ” သီချင်းနဲ့ဖြစ်စေ၊ “ဆရာမလေး” သီချင်းနဲ့ဖြစ်စေ၊ “ဖေဖေနဲ့ မေမေ” သီချင်းနဲ့ဖြစ်စေ ကျနော့်ကို ကောင်းမွန်တယ်လို့ ပြောတာတွေ ပြန်ကြားရတော့ အားပေးတဲ့ ပရိသတ် အထိုက်အလျောက်တော့ ရှိတယ်”

“ကျနော်က Music Video တွေ မရိုက်တဲ့အချိန်မှာ တိုးကြီးက ဒီလိုပုံစံဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါတိုးကြီးလားဆိုပြီး အခုမှ တွေ့ဖူးတဲ့သူတွေလည်း အများကြီး ရှိတယ်။ ဒါကျနော့်အတွက် ကောင်းမွန်တယ်။ ဒါမျိုးကိုလည်း ကျနော် လိုချင်တယ်။ ဒါတိုးကြီးပါဆိုပြီး လူတိုင်းသိသွားတာကို လိုချင်ကြမှာပဲလေ” လို့ တိုးကြီးက ပြောပါတယ်။

ဆက်လက်ပြီး “ဒါကြောင့်မို့ ကျနော် ဝင်ဖျော်ဖြေ ဖြစ်တယ်။ ကျနော် ဖျော်ဖြေဖြစ်တဲ့ အချိန်မှာ တနိုင်ငံလုံးက ကြည့်နေတဲ့အတွက် တနိုင်ငံလုံးမှာ ရှိနေတဲ့ ကျနော့် ပရိသတ်တွေကို လှမ်းပြီး နှိုးဆွ လိုက်သလိုဖြစ်သွားတာပဲ။ ဒါကလည်း အကောင်းဘက်က ကြည့်ရင် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပေါ့”

“တဖက်က မနာလိုတဲ့သူပဲဖြစ်ဖြစ်၊ မုန်းတီးတဲ့သူပဲဖြစ်ဖြစ်၊ ဆဲချင်တဲ့သူပဲဖြစ်ဖြစ် သူတို့အတွက် ကျတော့ ဝင်ရောက်ပြီး ပြောလို့ကောင်းတဲ့နေရာ ဖြစ်သွားတာပေါ့” လို့ တိုးကြီးက ပြောပါတယ်။

The Voice Myanmar Season 3 ပြိုင်ပွဲဝင် တိုးကြီး (ဓာတ်ပုံ – ဧရာဝတီ)

အဆိုတော် Lil’Z နဲ့ ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်မှု တူညီနေတဲ့အပေါ်မှာလည်း တိုးကြီးကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီအပေါ်ကိုလည်း တိုးကြီးက အခုလို ဆိုပါတယ်။

“ကို Lil’Z ရဲ့ ပရိသတ်တွေ ရှိမှာပေါ့နော်။ ကျနော့်ဆံပင်က ဟိုးအရင်အရှည်ထားကတည်းက ကောက်တယ်။ အရောင် နည်းနည်းလည်း ပါတယ်။ အနီရောင်ဘက် နည်းနည်း ပါတယ်။ ကျနော် ဆေးလည်း မဆိုးထားဘူး။ ကောက်လည်း မကောက်၊ ဖြောင့်လည်း မဖြောင့်ထားဘူး။ နဂိုပုံစံကိုက ဖြစ်နေတယ်။ ကျနော့် ရုပ်ခံ အကျရယ်၊ လူကောင်သေးတာရယ်၊ သူနဲ့ နည်းနည်းလေး သွားဆင်တာလည်း ဖြစ်နိုင်ပါတယ်” လို့ တိုးကြီးက ပြောပါတယ်။

သီချင်းလုပ်တာချင်း တူပေမယ့် Lil’Z ကို သိတဲ့သူတွေက သူ့ကို မသိကြသေးတာကြောင့် Lil’Z ကို မြင်ယောင်ပြီး ပြောတဲ့အတွက် စိတ်မဆိုးပါဘူးလို့ ဆိုပါတယ်။

“သူ သီချင်းလုပ်နေတဲ့အချိန်မှာ ကျနော်လည်း လုပ်နေတဲ့သူ တယောက်ပဲလေ။ ကျနော် အရင်တုန်းကလည်း ဒီပုံစံအတိုင်းပဲ ဖြစ်လာတာ။ သူ့ကိုပဲ သိတဲ့သူတွေက ကျနော့်ကို မသိလို့ သူ့ကိုပဲ မြင်ယောင်ပြီးပြောကြတယ် ထင်ပါတယ်။ ဒါစိတ်ဆိုးစရာတော့ မဟုတ်ပါဘူး” လို့ တိုးကြီးက ပြောပါတယ်။

The Voice Myanmar ပြိုင်ပွဲမှာ အဆိုတော် ရသရဲ့သီချင်းနဲ့ သီဆို ယှဉ်ပြိုင်တဲ့အပေါ်မှာလည်း အမှားပါခဲ့ရင် တောင်းပန်ကြောင်း ပြောပါတယ်။

“ကျနော့်ရဲ့ ဒီနေ့ ပျော်ရွှင်ရမှုတွေက ကျနော်ဟိုးအရင်က သီချင်းတွေရဲ့ ကြိုးစား အားထုတ်မှုတွေက မကင်းပါဘူး။ ပြီးတော့ ကိုရသရဲ့သီချင်း “တခါတုန်းက” သီချင်းက ကျနော့်အတွက် အမှတ်တရအကြီးကြီး ဖြစ်စေခဲ့တယ်။ ပြီးတော့ ကျနော့်လိုပဲ ကိုရသကို ချစ်တဲ့ အမာခံ ပရိသတ်တွေ အများကြီး ရှိတယ်”

“ကျနော် ဆိုသွားတာ အမှားပါကောင်း ပါနိုင်ပါတယ်။ ကျနော် လုံးဝ အကောင်းဆုံး ဆိုပြနိုင်ခဲ့တယ်လို့တော့ မသတ်မှတ်ထားပေမယ့် ကိုယ့်ဘာသာကိုယ်တောင် မကြိုက်တာတွေ ရှိတယ်။ အဲ့အတွက်တော့ တောင်းပန်ပါတယ်” လို့ တိုးကြီးက ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း တိုးကြီးက သူသွားချင်တဲ့ ဂီတလမ်းကို ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အနာဂတ်အတွက် Plan ကတော့ အေးအေးချမ်းချမ်းပဲ အသံတွေ ဖမ်းသွားမယ်။ သီချင်းအသစ်တွေ ဆက်လုပ်သွားမယ်။ အရင်တုန်းက မလုပ်ဖြစ်ခဲ့တဲ့ Music Video တွေ အရင်ကထက်ပိုပြီး ချပြဖြစ်သွားမယ် ထင်တယ်။ လူဆိုတာကလည်း အမြဲတမ်း အတက်အကျ၊ အဆင်းအတွန်းတွေနဲ့ သွားနေရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပဲပြောပြော ကျနော် သွားချင်တဲ့လမ်းကို ကျနော် ဆက်ပြီး သွားနေမှာပဲ” လို့ တိုးကြီးက ပြောပါတယ်။

တိုးကြီးဟာ The Voice Myanmar Season 3 မှာ Coach ကျားပေါက်ရဲ့ အဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တိုးကြီးကတော့ အသံဖမ်းအင်ဂျင်နီယာ တယောက်အနေနဲ့ ကိုယ်ပိုင် စတူဒီယိုတခုကို တည်ထောင်ထားတာ ၇ နှစ်ကျော်ခန့် ရှိနေပြီဖြစ်ပြီး The Voice Myanmar ကတော့ သူ့ရဲ့ပထမဆုံး ဝင်ပြိုင်တဲ့ အကြီးမားဆုံးပြိုင်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

အဆိုတော် ရသ သီချင်းနဲ့ တိုးကြီး ဘာကြောင့် ပြိုင်ပွဲဝင်ခဲ့သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading