နာမည်ကျော် ကိုရီးယားဒရာမာဖြစ်တဲ့ “Boys Over Flowers” ကို လာမယ့် အောက်တိုဘာလထဲမှာ ပြန်လည် ရိုက်ကူးမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုင်းအခြေစိုက် ရုပ်သံထုတ်လုပ်ရေးနဲ့ Talent အေးဂျင့် GMMTV ကနေ “F4 Thailand” လို့ခေါ်တဲ့ စီးရီးရဲ့ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ အမြည်းဗီဒီယိုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြသခဲ့ပါတယ်။
ဂျပန်ကာတွန်းကို အခြေခံထားတဲ့ “Boys Over Flowers” စီးရီးဟာ စိတ်ဓာတ်ပြင်းပြတဲ့ ကျောင်းသူလေး ဂင်ဂျန်ဒီနဲ့အတူ ဂူဂျွန်ဖြိုး၊ ယွန်းဂျီဟို၊ ဆိုရီဂျောင်၊ ဆောင်းဝူဘင်လို့ခေါ်တဲ့ “F4” (သို့မဟုတ်) သူဌေးသားလေးတွေကြားက ဇာတ်လမ်း အကြောင်းအရာ ဖြစ်ပါတယ်။
အဲ့ဒီ မူရင်းကာတွန်းကိုပဲ ထိုင်ဝမ်ကနေ “Meteor Garden” အဖြစ် ပြန်လည် ရိုက်ကူးခဲ့သလို့ ဂျပန်ကလည်း “Hana Yori Dango” အဖြစ် ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အခု “F4 Thailand” စီးရီးမှာတော့ နာမည်ကျော် ထိုင်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Bright Vachirawit၊ မင်းသား Win Metawin ၊ မင်းသား Dew Jirawat နဲ့ မင်းသား Nani Hirunkit တို့က ဦးဆောင် ပါဝင်လာကြမှာပါ။
လူငယ် မင်းသမီးချော Tu Tontawan က အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မင်းသားတွေဖြစ်ကြတဲ့ Bright နဲ့ Win တို့ဟာ “2gether” စီးရီးနဲ့ နောက်ဆက်တွဲဇာတ်လမ်း “Still2gether” တို့နဲ့ လူကြိုက်များနေတဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ မင်းသား Dew ကိုတော့ ထိုင်းနိုင်ငံမှာ မော်ဒယ်တဦးအနေနဲ့ လူသိများပါတယ်။
၂၀၂၁ ခုနှစ်မှာ ပြသဖို့ စီစဉ်ထားတဲ့ “Boys Over Flowers” စီးရီး ထိုင်းဗားရှင်းကို ထိုင်းနိုင်ငံရဲ့ လွတ်လပ်တဲ့ ဖန်တီးမှုနဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Parbdee က ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Parbdee ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ “F4Thailand အတွက် ကျနော်တို့ကို ယုံကြည်ပေးလို့ GMMTV ကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ပါ့မယ်။ ဆက်လက် နားဆင်ပေးကြပါဦး” လို့ ဖော်ပြထားပါတယ်။
အခုလိုကြေညာချက်နဲ့ ပတ်သက်ပြီး ထိုင်းဒရာမာ ပရိသတ်တွေကြားမှာ အမြင်နှစ်မျိုး ကွဲနေပါတယ်။ ခေါင်းဆောင် မင်းသားနှစ်ဦးဖြစ်တဲ့ Bright နဲ့ Win တို့ဟာ BL စီးရီးနဲ့ နာမည်ကျော်ခဲ့သူတွေ ဖြစ်ကြတာကြောင့် အခုစီးရီးအသစ်မှာလည်း သူတို့နှစ်ယောက်ကို စုံတွဲအဖြစ် ပြန်လည်မြင်တွေ့ရဖို့ ပရိသတ်တော်တော်များများက မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ ပရိသတ်အများစုကတော့ အခုပါဝင်ကြမယ့် သရုပ်ဆောင်စာရင်းကို သဘောကျ နှစ်ခြိုက်ခဲ့ပြီး အဲဒီစီးရီး အောင်မြင်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။
Ref: asiaone
You may also like these stories:
“The Batman” ရုပ်ရှင် ရိုက်ကူးရေး ပြန်စတင်ပြီ
တောင်ကိုရီးယား ပုဂ္ဂလိက ရုပ်သံလွှင့်ကုမ္ပဏီ JTBC ရှိ ဝန်ထမ်း ကိုဗစ် ကူးစက်
ဖခင်ကွယ်လွန်ပြီးနောက် အမွေရပြီး ဘီလီယံနာ ဖြစ်လာတဲ့ အဆိုတော် Huang Zitao