အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဟောလိဝုဒ် အနုပညာလောကသားတွေက သူ့အတွက် ဝမ်းနည်းစကား ဆိုခဲ့ကြတာ တွေ့ရပါတယ်။
သမိုင်းကို ဖန်တီးခဲ့သူ တရားသူကြီးနဲ့ အမျိုးသမီးဝါဒီဖြစ်သူ Ginsburg ဟာ ဝါရှင်တန်မြို့မှာရှိတဲ့ သူ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
ကျား/မ တန်းတူညီမျှရေးအတွက် ကာလကြာရှည် ဦးစီး ဆောင်ရွက်ခဲ့သူ Ginsburg ဟာ အလယ်အလတ် ကျတဲ့ ဆုံးဖြတ်မှုတွေ၊ သတိကြီးမှုတွေကြောင့် နာမည်ကျော်သူလည်း ဖြစ်ပါတယ်။ သူ့ကို တရားဥပဒေအကြီးအမှူး တယောက်အနေနဲ့ အမှတ်ရနေကြသူတွေလည်း ရှိပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးမှာ တရားသူကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ဒုတိယမြောက်အမျိုးသမီးလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ကွယ်လွန်မှုကြောင့် Viola Davis, Kerry Washington, Reese Witherspoon, Octavia Spencer, Mark Ruffalo နဲ့ Robert Downey Jr အစရှိတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေက ဝမ်းနည်းစကားဆိုခဲ့ကြတာ တွေ့ရပါတယ်။
မင်းသမီး Viola Davis က “၂၀၂၀ မှာတော့ လုံးဝ၊ လုံးဝပါပဲ။ အခုတော့ မဟုတ်သေးဘူးလေ။ ဒီအမျိုးသမီးကိုတော့ မဟုတ်သေးဘူး။ ကောင်းကင်နိုင်ငံတော်အတွက် ရှင့်ရဲ့ထူးခြားတဲ့ အစွမ်းတွေ ထူးချွန်ထက်မြက်တဲ့ စိတ်နဲ့ သတ္တိတွေအတွက် တာဝန်ထမ်းပါဦး။ အဲ့ဒီကနေ ဒီက ကျမတို့ကို ကူညီပေးပါ။ ရှင်ရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ အေးချမ်းစွာ အနားယူပါတော့” လို့ Twitter မှာ ရေးခဲ့ပါတယ်။
မင်းသမီး Octavia Spencer က “တရားသူကြီး Ginsberg ရဲ့ ချစ်တဲ့သူတွေအတွက် ကျမ အထူးဝမ်းနည်းမိပါတယ်။ နိုင်ငံတော်က ဒီဆုံးရှုံးမှုအတွက် တော်တော်လေး ဝမ်းနည်း ပူဆွေးနေပါတယ်” လို့ ဆိုပါတယ်။ မင်းသမီးချော Reese Witherspoon ကတော့ Ginsburg ရဲ့ကွယ်လွန်မှုဟာ နိုင်ငံအတွက် နာကျင်ရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်လို့ ကင်ပွန်းတပ်ပါတယ်။
မင်းသမီး Witherspoon က “တကယ့်ကိုပဲ ကျမတို့နိုင်ငံအတွက် နာကျင်ဖို့ကောင်းတဲ့ ဝမ်းနည်းဖွယ် ဆုံးရှုံးမှုကြီးပါ။ တရားသူကြီး Ginsburg ရဲ့ နိုင်ငံ့တရားရေးစနစ်အပေါ် ထားရှိတဲ့ ရိုက်ခတ်မှုဟာ ကျမတို့ အလိုအပ်ဆုံးအချိန်မှာ အလင်းရောင်နဲ့ မျှော်လင့်ချက်ကို တောက်ပပေးတဲ့ ခေါင်းဆောင်တဦးလို ပြိုင်ဘက် ကင်းပါတယ်။ အခုတော့ ရှင့်ရဲ့ တိုက်ပွဲကို ကျမတို့ ဆက်လက် သယ်ဆောင်ရမယ့် အလှည့်ပါ” လို့ ဆိုပါတယ်။
မင်းသမီး Kerry Washington က “သူ့ရဲ့ အနားယူမှုကတော့ ထိုက်တန်ပါတယ်။ အခုတော့ ကျမတို့ တိုက်ခိုက်ရမယ့် အလှည့်ပါ” လို့ ရေးသားခဲ့ပါတယ်။
Iron Man မင်းသား Robert Downey Jr က “ခင်ဗျား အလေးထားတဲ့ အရာတွေအတွက် တိုက်ခိုက်ပါဦး၊ ဒါပေမဲ့ ခင်ဗျားနဲ့အတူ ပူးပေါင်းဖို့ တခြားသူတွေကိုလည်း ဦးဆောင်မယ့်နည်းလမ်းအတိုင်း လုပ်ဆောင်ပါ။ ငြိမ်းချမ်းစွာ အနားယူပါ” လို့ ရေးသားထားပါတယ်။ မင်းသား Chris Evans ကတော့ “တယောက်ဆိုတယောက်” ဆိုတဲ့ ပုံစံနဲ့ တရားသူကြီး Ginsburg ရဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။
တရားသူကြီး Ginsburg ဟာ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲ မတိုင်မီ ရက်ပေါင်း ၅၀ အလိုမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဖက် ဒုသမ္မတဟောင်း ဂျိုးဘိုက်ဒန်တို့ကြား ထိပ်တိုက် တွေ့ဆုံမှုတခုလည်း ဖြစ်လာနိုင်ပါတယ်။
ဒီမိုကရက်တစ် သမ္မတဟောင်း ဘီလ်ကလင်တန်ကနေ အဆိုပြုခဲ့တဲ့ တရားသူကြီး Ginsburg ဟာ အမေရိကန်တရားရုံးချုပ်မှာ ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
Instagram မှာ ဝတ်လစ်စလစ်ပုံ မတော်တဆတင်မိခဲ့တဲ့ မင်းသား Chris Evans
မင်းသား Dwayne Johnson တို့ တမိသားစုလုံး COVID-19 ကူးစက်ခံခဲ့ရ
“Black Panther” မင်းသား Chadwick Boseman ကွယ်လွန်