The Voice Myanmar Season 3 ရဲ့ Blind Audition ရဲ့ ၄ ပတ်မြောက်မှာ ပြိုင်ပွဲဝင်တဦးရဲ့ ယှဉ်ပြိုင် သီဆိုခဲ့တဲ့ သီချင်းနဲ့ ပတ်သက်ပြီး သီချင်းပိုင်ရှင်ဖြစ်တဲ့ တေးရေး တေးဆို ဝိုင်းလေးက သူ့ဆီက ခွင့်ပြုချက် မတောင်းခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“သီချင်းတီးလုံးတောင် အလကား စေတနာနဲ့ ဆိုကြပါစေ တင်ပေးနေတဲ့ အနုပညာရှင် တယောက်ပါ။ ကိုယ်တိုင်လည်း အဆိုတော် တယောက်မို့လို့ တေးရေး အကုန်လုံးကို လေးစားမှု ထားတယ်။ ပြိုင်ပွဲက တက်လာတဲ့သူမို့ နောက်ကွယ်အကြောင်း ပိုနားလည်တယ်”
“သီချင်းတပုဒ်ကို စင်ပေါ်တင်ပေးတဲ့ အဆိုတော်နဲ့ သီချင်းမွေးဖွားပေးတဲ့ တေးရေး ဘယ်လောက်ညီညီ ပံ့ပိုးပေးတဲ့သူတွေ လမ်းကြောင်းမှန်မှ နှစ်ယောက်လုံး ပင်ပန်းရကျိုး နပ်မယ်။ အခုထိ ဒီလို အဖြစ်တွေ ရှိနေတာလား” လို့ ဝိုင်းလေးက ပြောပါတယ်။
ကိုယ်တိုင်ပြိုင်ပွဲကနေ တက်လာသူ တယောက်အနေနဲ့ နောက်ကွယ်က အကြောင်းကို ပိုနားလည်ပြီး သီချင်းတီးလုံးကအစ စေတနာနဲ့ တင်ပေးတဲ့ Artist တယောက်ဖြစ်တယ်လို့ ဝိုင်းလေးက ဆိုပါတယ်။ ယခုအခါမှာတော့ သူ့သီချင်းနဲ့ ဝင်ပြိုင်တဲ့အတွက် ဝမ်းသာမိပေမယ့် တေးရေးအနေနဲ့ သူ့ကို အသိပေး ခွင့်တောင်းခြင်း မရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“သီချင်းလေးနဲ့ ဝင်ပြိုင်တော့ ဝမ်းသာလိုက်တာ။ ဒါပေမဲ့ တေးရေး အနေနဲ့ ခွင့်တောင်းခြင်း အသိပေးခြင်း ဘာမှ မသိခဲ့ရတော့ တော်တော် စိတ်မကောင်းဖြစ်တယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
ဒီအစီအစဉ်မှာ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ဖြစ်တာကြောင့် တာဝန်ယူပေးမှာကို သိချင်ပြီး ဘယ်လို လုပ်ရမလဲ ဆိုတာကိုလည်း မေးထားပါတယ်။
“သီချင်းတွေ တိုက်ရတယ်လေ။ ဒါက ကြိုရိုက်ထားတာ။ ဘယ်လို တာဝန်ယူပေးကြမှာလဲ။ ဒီလိုနဲ့ပဲ ကိုယ်တိုင်ရေး ဆိုတွေကို တေးရေးခ မယူနဲ့။ ကိုယ်တိုင်ရေးတာပဲ လျော့ပေးဆိုတာမျိုးတွေ လက်ခံကြရဦးမှာလား။ ရင်နာပါတယ်။ ဘယ်လိုလုပ်ရမလဲပေါ့။ ဝင်ပြိုင်ပေးတဲ့ မောင်လေးကို ကျေးဇူးတင်တယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
ဝိုင်းလေးကတော့ အဆိုပါ အကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ ရေးသား ပြောဆိုထားတာ ဖြစ်ပါတယ်။ ဝိုင်းလေး သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် Jacob ကတော့ Coach ၄ ဦးရဲ့ လှည့်ကြည့်ခြင်းကို မခံခဲ့ရပါဘူး။
သီချင်းပိုင်ရှင် အဆိုတော် ဝိုင်းလေးဟာ “အိပ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး လက်ရှိမှာတော့ ကိုယ်တိုင်သီချင်းများစွာ ဖန်တီးသီဆိုလျက် ရှိပါတယ်။
You may also like these stories:
“Stay Home ကာလမှာ အကောင်းဆုံး နေနေပါတယ်”လို့ ဝိုင်းလေး ပြော
“တိုးကြီး”ဆိုတာ လူတိုင်းသိသွားတာ လိုချင်တဲ့ တိုးကြီး
Tiktok ကို ဝါသနာအရ သရုပ်ဆောင် လေ့ကျင့်ဖို့ သုံးဖြစ်တဲ့ မေမီကိုကို