နာမည်ကျော် အစီအစဉ် တင်ဆက်သူ Ellen DeGeneres ဟာ သူ့ရဲ့ စောင့်ကြပ်ကြည့်ရှုမှုအောက်မှာ အဆိပ်အတောက် ဖြစ်ခဲ့ရတဲ့ လုပ်ငန်းခွင်အကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Season ၁၈ ခုမြောက် သူ့ရဲ့ အစီအစဉ်မှာ ရှင်းလင်းခဲ့ပါတယ်။ သူက သူ့ရဲ့ အစီအစဉ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေအတွက် တာဝန်ယူမယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအစီအစဉ်ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ကနေ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု၊ လူမျိုးရေး ခွဲခြားမှုနဲ့ ခြိမ်းခြောက်မှု စွပ်စွဲချက်တွေ အပါအဝင် ဝန်ထမ်းတွေကြား ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် နေ့ခင်းဘက်မှာ ထုတ်လွှင့်တဲ့ အဲ့ဒီ ရုပ်သံအစီအစဉ်ကနေ သူတောင်းပန်တာဟာ ဒါပထမဆုံး ဖြစ်ခဲ့ပါတယ်။
ဆိုရှယ် မီဒီယာတွေပေါ်မှာ DeGeneres ဟာ အလုပ်အတူတူ လုပ်ကိုင်ရတာ ခက်ခဲသူဖြစ်တဲ့အကြောင်း၊ အစီအစဉ်မှာ သူဟန်ဆောင်နေသလို စိတ်ထားကောင်းမွန်တဲ့သူ မဟုတ်တဲ့အကြောင်း စတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေပါတယ်။
DeGeneres က “ထိခိုက်ခဲ့ရတဲ့သူတွေအတွက် ကျမ တကယ့်ကို တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ ကျမက အခွင့်ထူးနဲ့ အာဏာရှိတဲ့နေရာမှာ ရောက်နေတယ် ဆိုတာကို ကျမသိပါတယ်။ အဲ့ဒါနဲ့အတူ တာဝန်ယူမှု ပါလာတယ်ဆိုတာကိုလည်း နားလည်ထားပါတယ်။ ကျမရဲ့ အစီအစဉ်မှာ ဖြစ်ပျက်ခဲ့သမျှတွေအတွက် ကျမ တာဝန်ယူပါတယ်” လို့ စက်တင်ဘာလ ၂၁ ရက်နှောင်းပိုင်းတုန်းက သူ့အစီအစဉ် မစခင် အွန်လိုင်းကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အစီအစဉ်ရဲ့ မူပိုင်ကုမ္ပဏီဖြစ်တဲ့ Warner Media ကနေ ရုံးတွင်း စုံစမ်းစစ်ဆေးမှုတွေကနေ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့အစီအစဉ်ဟာ ကဏ္ဍသစ်တခုကို ဖွင့်လှစ်လိုက်ပြီလို့ DeGeneres က ဆိုပါတယ်။
ကာလကြာရှည် ဟာသသရုပ်ဆောင်နဲ့ အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူခဲ့တဲ့ DeGeneres က ကြင်နာတတ်တဲ့ အမျိုးသမီးတဦးအနေနဲ့ နာမည်ကျော်ကြားလာခြင်းဟာ သူ့ကို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတခုဆီ ရောက်သွားစေသလို ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၆၂ နှစ်အရွယ် DeGeneres ဟာ Ellen စီးရီးမှာ ပါဝင်ခဲ့စဉ်က လိင်တူချစ်သူတဦး အနေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ ဖြစ်လာခဲ့ပြီးတဲ့နောက် ၁၉၉၇ ခုနှစ်ကစလို့ နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး သူ့အစီအစဉ်နဲ့ ပတ်သက်လို့ ကောလာလဟလတွေ မထွက်ပေါ်မီ ပြီးခဲ့တဲ့နှစ်ကတော့ အစီအစဉ်မှာ ၂၀၂၂ ခုနှစ်အထိ တင်ဆက်သူအဖြစ် ဆောင်ရွက်ဖို့ စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူဟာ HBO Max ကနေ နောက်ထပ် အစီအစဉ် ၃ ခုကို ဖန်တီးပေးဖို့ သဘောတူညီချက်ကိုလည်း ရရှိထားပါတယ်။
Ref: straitstimes
You may also like these stories:
“Hyori’s Homestay 2’” အစီအစဉ်မှာ ပါဝင်လာမယ့် ကိုရီးယားမင်းသား Park Bo Gum
ရုပ်သံအစီအစဉ်မှာ တန်ဖိုးကြီးအိမ်ကို ပြခဲ့တဲ့ မင်းသား ယူအာအင်း
British Vogue မှာ အသက်အကြီးဆုံး မျက်နှာဖုံးရှင်ဖြစ်လာတဲ့ Dame Judi Dench