အဆိုတော် ခင်ဘုဏ်းရဲ့ မိခင်ဖြစ်သူဟာ COVID -19 ရောဂါ Positive တွေ့ရှိခဲ့တာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူခဲ့ရပြီး မကြာခင်မှာပဲ သတ်မှတ်ရက်ပြည့်ပြီ ဖြစ်တာကြောင့် အိမ်ပြန်လို့ ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“မေမေက ဆီးချိုရှိပြီး ဖျားထားလို့ ကျမက အရမ်းစိတ်ပူခဲ့ရပါတယ်။ ဒါပေမဲ့ မေမေကတော့ စိတ်ဓာတ် ခွန်အားအပြည့်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အခုတော့ သတ်မှတ်ထားတဲ့ ရက်ပြည့်လို့ အိမ်ပြန်လို့ ရပါတော့မယ်” လို့ အဆိုတော် ခင်ဘုဏ်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ၊ နေရေးထိုင်ရေး အခက်အခဲများကို ရင်ဖွင့်ခဲ့တဲ့အပေါ် အများကြီး အကူအညီရခဲ့တာကြောင့်လည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။
“မေမေ့အတွက် စိတ်ပူပြီး ဆုတောင်းပေးကြသူများအတွက် ဝမ်းသာအောင် ပြောပြတာပါ။ အဘက်ဘက်က လူအားစိတ်အား တတ်နိုင်သမျှကူညီ စောင့်ရှောက် ကြသူများကို ကျေးဇူးတင်ပါတယ်” လို့ ခင်ဘုဏ်းက ပြောပါတယ်။
ခင်ဘုဏ်းရဲ့မိခင်ဖြစ်သူဟာ ရိုးမရိပ်သာ Quarantine စင်တာမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး အခုဆိုရင်တော့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
မိခင်ဖြစ်သူဟာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပြီး နဂိုရောဂါအခံ ဆီးချိုရောဂါလည်း ခံစားနေရသူဖြစ်တာကြောင့် စိတ်ပူ၍ အခက်အခဲများကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားပြီးနောက်မှာတော့ အခက်အခဲများ ပြေလည်သွားခဲ့တဲ့အတွက်လည်း ခင်ဘုဏ်းက ကျေးဇူးတင်စကား ဆိုထားပါတယ်။
“အဲဒီတော့ ကျမတို့ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ် ခွန်အားနဲ့ပဲ အားလုံးကို ကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ်။ အားမလျှော့ပါနဲ့နော်။ မြန်မာပြည်သူပြည်သားတွေ အပါအဝင် ကမ္ဘာကြီးပေါ်က လူသားတွေအားလုံး ဒီကပ်ဆိုးကြီးဘေးက လွတ်မြောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်”လို့ ခင်ဘုဏ်းက ပြောထားပါတယ်။
အဆိုတော် ခင်ဘုဏ်းကတော့ အမေရိကန်နိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေတာ ဖြစ်ပြီး COVID-19 ကပ်ရောဂါဆိုးကြီး ပြီးပါက မိခင်ဖြစ်သူနဲ့အတူ ဖြတ်သန်းချင်တဲ့အကြောင်းကိုလည်း အခုလိုပြောထားပါတယ်။
“ကိုဗစ်ကြီး ထွက်သွားရင် မေကြီးနဲ့ အတူတူ ညနေဘက် ဘုရားမှာ တရားထိုင်မယ်။ ဆင်တူလေးတွေ ဝတ်ပြီး လျှောက်သွားကြမယ်နော်” လို့ ခင်ဘုဏ်းက ပြောပါတယ်။
You may also like these stories:
မိခင်ရဲ့ ရောဂါအခြေအနေကို စိုးရိမ်တာကြောင့် အကူအညီ တောင်းခဲ့တဲ့ ခင်ဘုဏ်း