Entertainment

ဝေဠုကျော်ဖောင်ဒေးရှင်းမှ လူနာတင်ယာဉ်များ အလှူခံ

COVID–19 ရောဂါ Positive လူနာများအား သက်ဆိုင်ရာ ဆေးရုံ၊ ဆေးကုသမှုစင်တာများသို့ ပို့ဆောင်ပေးမှုများနှင့် သေဆုံးသူ လူနာများကို နေ့စဉ် သယ်ယူ ပို့ဆောင်ပေးလျက်ရှိတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းဟာ တနေ့ထက် တနေ့ ပိုးတွေ့သူ များပြားလာတာကြောင့် လူနာတင်ယာဉ်များ မလုံလောက်တော့တဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ရန်ကုန်မှာ တနေ့ထက်တနေ့ ပိုးတွေ့လူနာတွေ များလာတာနဲ့အမျှ ကျနော်တို့ အသင်းတွေရဲ့ ကားတွေ မလုံလောက်တော့ပါဘူး။ ရှိနေတဲ့ ကားထဲက သေဆုံးသွားတဲ့ လူတွေအတွက်လည်း လိုလာပြီမို့ သီးသန့် သပ်သပ် ထားရတော့မှာပါ။ လာရောက် ပူးပေါင်းတဲ့ အသင်းတွေကလည်း ရိုးရိုးလူနာနဲ့ သက်သက်စီ ခွဲထားရလို့ လူနာတင်ကားတွေ လိုလာပါတယ်” လို့ ဝေဠုကျော်က ပြောပါတယ်။

လူနာတွေကို သယ်ဆောင်တဲ့ ယာဉ်များကို သက်သက်စီ ခွဲထားတာကြောင့် လာရောက် ပူးပေါင်းတဲ့အသင်းတွေလည်း ရှိပေမယ့် လူနာတင်ကားများ လိုအပ်လာတယ်လို့ သိရပါတယ်။

“အခုချိန် ဆေးရုံဆင်းတဲ့သူများကလည်း နယ်ပြန်ဖို့ လူနာတင်ကားတွေနဲ့ ပြန်မှ ရမယ့် အခြေအနေပါ။ ဒါကြောင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်နေတဲ့ လူနာတင်ကားများ အလှူခံလိုပါတယ်” လို့ ဝေဠုကျော်က ဆိုပါတယ်။

လှူဒါန်းမယ်ဆိုပါက လူတဦးကို ငွေကျပ် ၁၀၀၀ ထည့်လျှင် လူ ၇၀၀၀ မှာ လူနာတင်ကား ၁ စီးကို ပစ္စည်း အစုံအလင်နဲ့ ရရှိတာကြောင့် ဝိုင်းဝန်းလှူဒါန်းကြဖို့ နှိုးဆော်ထားပါတယ်။ “တယောက်ကို ၁၀၀၀ ကျပ်စီ ဝိုင်းထည့်ကြရင်တောင် လူ ၇၀၀၀ ယောက်ဆို လူနာတင်ကား တစီး ပစ္စည်းစုံနဲ့ ရပါတယ်။ ဝိုင်းဝန်းလှူပေးကြပါဦး” လို့ ဆိုပါတယ်။

လှူဒါန်းနိုင်ရန် အတွက်လည်း ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဘဏ်အကောင့်များကို ပေးထားပြီး လက်ရှိမှာလည်း ဝိုင်းဝန်းလှူဒါန်းနေကြတာကို တွေ့ရပါတယ်။

“ဝေဠုကျော် ဖောင်ဒေးရှင်း” ကတော့ လူမှုကူညီရေးအသင်းများနဲ့ တွဲဖက်ကာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပိုးတွေ့လူနာများကို ပို့ဆောင်ပေးခြင်း၊ ဆက်စပ် လူနာများကို Quarantine စင်တာများသို့ ပို့ဆောင်ပေးခြင်းစတဲ့ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါတယ်။

You may also like these stories:

သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်ခွင့်ရတော့မယ့် အဆိုတော် ခင်ဘုဏ်းရဲ့ မိခင်

“တိုးကြီး”ဆိုတာ လူတိုင်းသိသွားတာ လိုချင်တဲ့ တိုးကြီး

ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်

Loading