မတ်လကတည်းက ရပ်နားထားခဲ့ရတဲ့ “Fantastic Beasts 3” ရုပ်ရှင်ရိုက်ကူးရေးကို ပြန်စတင်နေပြီလို့ မင်းသား Eddie Redmayne က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကာလအတော်ကြာ ရပ်နားထားတဲ့ ရိုက်ကွင်းပေါ်မှာ ကျန်းမာရေးအတွက် သတိပြုဆင်ခြင်နေရတယ်လို့ ဆိုပါတယ်။
မတ်လအတွင်းက Lockdown ကြောင့် စာရေးဆရာမ J.K Rowling ရဲ့ Fantastic Beasts တတိယမြောက်ဇာတ်ကားကို ရိုက်ကူးမှုတွေ ဆက်မလုပ်တော့ဘူးလို့ အသံတွေ ထွက်ခဲ့သလို၊ သရုပ်ဆောင်တွေကြား အငြင်းပွားစရာ ကိစ္စရပ်တွေပါ ရှိခဲ့တာကြောင့် ရုပ်ရှင်ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါတယ်။
အခုတော့ ၆ လကြာ ရပ်နားထားရာကနေ ရိုက်ကူးရေးပြန်စနေပြီဆိုတာကို အဓိကဇာတ်ကောင် မင်းသား Eddie Redmayne က အတည်ပြုပေးလိုက်ပါတယ်။ Warner Bros. က ထုတ်လုပ်မယ့် “Fantastic Beasts 3” ဇာတ်ကားနဲ့ တဆက်တည်းမှာပဲ နောက်ထပ် ငွေကြေးအကုန်ကျခံ ရိုက်ကူးနေတာကတော့ “The Batman” ပါ။
“The Batman” ကားရဲ့ ဇာတ်ဆောင် မင်းသား Robert Pattinson တယောက် COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် မှာ ရိုက်ကူးရေးကို ရပ်နားခဲ့ရပြီး သရုပ်ဆောင်တွေနဲ့ ဝန်ထမ်း အမျာအပြား Quarantine ဝင်ခဲ့ရပါတယ်။ အခုတော့ ယူကေမှာ ဇာတ်အိမ်တည်ထားတဲ့ “The Batman” ရုပ်ရှင်ရိုက်ကွင်းကို ၂ ပတ်အကြာမှာ ပြန်စနေပြီလို့ ဆိုပါတယ်။
ကူးစက်မှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Warner Bros. ကုမ္ပဏီဟာ ရိုက်ကွင်းနေရာတွေမှာ Social distancing နဲ့ နှာခေါင်းစည်း Mask တပ်ရမယ့် စည်းမျဉ်းတွေကို တင်းကျပ်ထားပါတယ်။ နောက်ပြီး ရိုက်ကွင်း နေရာတွေကို ပုံမှန် ပိုးသန့်စင်ဖို့နဲ့ သရုပ်ဆောင်၊ ဝန်ထမ်းတွေလည်း လက်သန့်စင်ရေးအပိုင်းကို အလေးထားကြဖို့ တိုက်တွန်းထားပါတယ်။
“Fantastic Beasts” ရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ “Fantastic Beasts and Where To Find Them” နဲ့ ပွဲဦး ထွက်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်မှာတော့ “Fantastic Beasts: The Crimes of Grindlewald” ဇာတ်ကားတွေ ထွက်ရှိခဲ့ပါတယ်။ လက်ရှိ ရိုက်ကူးနေတဲ့ တတိယမြောက် ရုပ်ရှင်ကိုတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ ရုံတင်မယ်လို့ ကြေညာထားပါတယ်။
“Fantastic Beasts” တခုလုံးရဲ့ ပဲ့ကိုင်ရှင် J.K Rowling ရဲ့ ရုပ်ရှင်ထဲမှာ Transgender (လိင်ပြောင်းလဲထားသူ) တွေအပေါ် အမြင်နဲ့ ပတ်သက်ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သလို၊ Grindlewald အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Johhny Depp ရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Credence Barebone နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ezra Miller လည်း အမျိုးသမီး ပရိသတ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပါတယ်။
နောက်နှစ်ထဲမှာ ထွက်ရှိတော့မယ့် “Fantastic Beasts 3” ကို ဒါရိုက်တာ David Yates ရိုက်ကူးပြီး သရုပ်ဆောင် Eddie Redmayne, Katherine Waterston, Dan Fogler, Ezra Miller နဲ့ Jude Law တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။
Ref: Movieweb
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် “Wonder Woman 1984” ရုပ်ရှင် ရုံတင်ရက် ရွှေ့ဆိုင်း
ဟယ်ရီပေါ်တာဝတ္ထုမှ ဇာတ်ကောင် ၂ခုကြား လိင်တူဆက်ဆံရေးရှိကြောင်း ပြောတဲ့ JK Rowling ဝေဖန်ခံရ