လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအပေါ် အမုန်းစကားများ၊ သတင်းအမှားများ ကျား-မ အပေါ် အခြေခံတဲ့ မိရိုးဖလာ အယူအဆများကို အသုံးပြုပြီး ထိုးနှက် တိုက်ခိုက်နေတဲ့ အမုန်းများကို ဆန့်ကျင်မယ့် “ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀” ကမ်ပိန်းမှာ သရုပ်ဆောင် အေးမြတ်သူလည်း ပါဝင်လျက်ရှိပါတယ်။
“အေးမြတ်သူတို့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်လောင်းဆိုတဲ့ နေရာမှာ အမျိုးသား ကိုယ်စားလှယ်လောင်းတွေထက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက ပိုပြီး ဝေဖန်ခံရတယ်။ နှိမ့်ချဆက်ဆံခြင်းခံရတယ်၊ ခွဲခြားဆက်ဆံခြင်းတွေ ခံရပါတယ်။ ဒါကြောင့်မို့လို့ ဒို့အသံနဲ့ ပံ့ပိုးမယ် ၂၀၂၀ ကမ်ပိန်းလေးကို ပါဝင်ရင်းနဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍနဲ့ ပိုမိုမြှင့်တင်ပေးကြရအောင်။ အားလုံးရဲ့အားတွေနဲ့ အမျိုးသမီးတွေကို ခွန်အားပေးဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။
“ဒို့အသံတွေနဲ့ ပံ့ပိုးမယ်၂၀၂၀” ကမ်ပိန်းဟာ တန်းတူညီမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ အားလုံးက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအပေါ် အမုန်းစကားတွေ၊ သတင်းမှား သတင်းတုတွေနဲ့ ကျား-မ အပေါ်အခြေခံတဲ့ မိရိုးဖလာအယူအဆတွေ အသုံးပြုပြီး ထိုးနှက် တိုက်ခိုက်နေတဲ့ အမုန်းတွေကို အတူဆန့်ကျင်မယ့် ခရမ်းရောင်အစက် လူထုလှုပ်ရှားမှုတခု ဖြစ်ပါတယ်။
“အေးမြတ်သူနဲ့ အတူ ပါဝင်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို အမုန်းစကားတွေ မပြောဖို့ လှုံ့ဆော်ရင်း ကမ်ပိန်းလေးမှာ ပါဝင်ပံ့ပိုးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်ရှင်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအတွက် လုံခြုံပြီး တန်းတူညီမျှတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အားလုံး အတူတူ ပံ့ပိုးကြရအောင်” လို့ အေးမြတ်သူက ပြောပါတယ်။
ဒီကမ်ပိန်းမှာတော့ အေးမြတ်သူက Gender Equality Network (GEN) ရဲ့ ဒါရိုက်တာ မမေစံပယ်ဖြူ၊ ဆရာဝန်၊ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ၊ အကယ်ဒမီ ဆွေဇင်ထိုက် စတဲ့ လူသိများ ထင်ရှားကြတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ နိုင်ငံအဝှမ်း လူထုလှုပ်ရှားမှုတခုဖြစ်တဲ့ “ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀” ကို ပူးပေါင်း ပါဝင်ထားတယ်လို့ သိရပါတယ်။
You may also like these stories:
အစ်မရဲ့ ကလေးများကို စောင့်ရှောက်ရင်း COVID-19 ကူးစက်ခဲ့တဲ့ မောင်
“ရွေးကောက်ပွဲမှာ ဆုံတဲ့ဖူးစာ” အပိုင်း ၅ ပိုင်းဖြင့် ပြသမည်
သတ်မှတ်ရက်ပြည့်လို့ အိမ်ပြန်ခွင့်ရတော့မယ့် အဆိုတော် ခင်ဘုဏ်းရဲ့ မိခင်