Walt Disney ကုမ္ပဏီဟာ စူပါဟီးရိုးရုပ်ရှင် “Black Widow” နဲ့ ဒါရိုက်တာကြီး Steven Spielberg ရဲ့ “West Side Story”တို့ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တဲ့အကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အခုရွှေ့ဆိုင်းလိုက်တဲ့ ရုပ်ရှင် ၂ ကားဟာ ဟောလိဝုဒ်ရဲ့ ၂၀၂၀ ပြည့်နှစ်အချိန်ဇယားထဲမှာ ပရိသတ် တော်တော်များများ မျှော်လင့်စောင့်စားနေကြတဲ့ ရုပ်ရှင်တွေလည်း ဖြစ်ပါတယ်။
“Black Widow” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ် မေလအထိ ၆ လလောက် အချိန်ထပ် နောက်ဆုတ်လိုက်သလို Broadway ပြဇာတ်ကို ပြန်လည်ပုံဖော်ထားတဲ့ “West Side Story” ရုပ်ရှင်ကိုလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ အချိန် တနှစ်လောက် ရက်ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ရပြီးတဲ့နောက် ရုပ်ရှင်ချစ်သူတွေကို ရုပ်ရှင်ရုံထဲ ပြန်ရောက်လာစေဖို့ စိတ်ပျက်စရာ ကြိုးပမ်းချက်တခုအနေနဲ့ ပုံပေါ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ကြည့်သူတွေ အများဆုံးရှိတဲ့ ၂ နေရာ ဖြစ်တဲ့ လော့စ်အင်ဂျလိစ်နဲ့ နယူးယောက်မြို့တို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ဆက်လက် ပိတ်ထားဆဲဖြစ်ပေမယ့် AMC Entertainment နဲ့ Cineworld Plc ရဲ့ Regal Cinemas တို့အပါအဝင် ဒေသတွင်း ရုပ်ရှင်လုပ်ငန်းစုတွေကတော့ တခြားအမေရိကန် မြို့ကြီးတွေမှာရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုနှစ်အတွင်းမှာ ပြသဖို့ ကျန်ခဲ့တဲ့ ရုပ်ရှင်တွေကတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်မယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် “No Time to Die” နဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြသဖို့ရှိတဲ့ “Wonder Woman 1984” ရုပ်ရှင်တွေ ဖြစ်ပါတယ်။
ရုပ်ရှင်တွေဆီကို ပရိသတ် အပြည့်အဝ ပြန်ခေါ်နိုင်ဖို့အတွက် ကပ်ရောဂါ လျော့ပါသွားနိုင်တဲ့ အချိန်ရောက်တဲ့အထိ Disney နဲ့ တခြားစတူဒီယိုတွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေ ရုံတင်မယ့်ရက်ကို အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းထားခဲ့ရပြီး ဖြစ်ပါတယ်။ တချို့ရုပ်ရှင်တွေဆိုရင် ရုံတင်ပြသမှာ မဟုတ်တော့ဘဲ Streaming ဝန်ဆောင်မှုတွေက တဆင့်သာ ပြသတော့မှာလည်း ဖြစ်ပါတယ်။
Marvel အက်ရှင်ဟီးရိုးအဖြစ် မင်းသမီး Scarlett Johansson သရုပ်ဆောင်ထားတဲ့ “Black Widow” ရုပ်ရှင်ဟာ မူလက ပြီးခဲ့တဲ့ မေလမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ နိုဝင်ဘာလ ၆ ရက်အထိ ရက်ရွှေ့ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
Disney ရဲ့ မကြာသေးခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာဆိုရင် “Death on the Nile” ရုပ်ရှင်ကိုလည်း အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ရက်ရွှေ့ခဲ့သလို Marvel ရဲ့ “Eternals” ရုပ်ရှင်ကိုလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ရက်ရွှေ့ထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ Pixar ရဲ့ ကာတွန်းရုပ်ရှင် “Soul” ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသဖို့ ဆက်လက် စီစဉ်ထားပါတယ်။
Ref: asiaone
You may also like these stories:
ကိုဗစ် မတိုင်ခင် တကိုယ်တော် ဖျော်ဖြေပွဲ လုပ်နိုင်ခဲ့တဲ့ ဘန်နီဖြိုး
အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ပြစ်ဒဏ် အသီးသီးချမှတ်
၆ လကြာ ရပ်နားထားတဲ့ “Fantastic Beasts 3” ရုပ်ရှင် ရိုက်ကူးရေး ပြန်စပြီ