တောင်ကိုရီးယားနိုင်ငံရဲ့ အခပေး ရုပ်သံလိုင်းတခုဖြစ်တဲ့ TV Chosun ကနေ “We Got Divorced” လို့ နာမည် ပေးထားတဲ့ အစီအစဉ်သစ် ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။ “Taste of Love” စီးရီး ထုတ်လုပ်သူကပဲ စီစဉ်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
TV Chosun ကနေ ပြသမယ့် ရသစုံရှိုးအသစ် “We Got Divorced” ကို “Taste of Love” စီးရီးကို ရိုက်ကူးခဲ့တဲ့ ပရိုဂျူဆာ Lee Kook Yong က စီစဉ်မှာဖြစ်ပြီး၊ ဇာတ်ညွှန်း ရေးသူကတော့ နာမည်ကျော်ရှိုးတခုဖြစ်တဲ့ “2 Days 1 Night” အစီအစဉ်က Jung Sun Young ဖြစ်ပါတယ်။
အစပထမတော့ အစီအစဉ်သစ်ကို Taste of series တွေ ဖြစ်တဲ့ “Taste of Love” နဲ့ “Taste of Wife” တို့ရဲ့အဆက် “A Taste of X” ဆိုပြီး တတိယမြောက် အစီအစဉ်အဖြစ် ပြသဖို့ ရည်ရွယ်ထားပေမယ့် ရိုက်ကူးရေး လုပ်နေတုန်းမှာပဲ “We Got Divorced” နာမည်သုံးဖို့ ပြောင်းလဲခဲ့တာပါ။ ဒါဟာ MBC ရုပ်သံလိုင်းကနေ 4 Season အထိ ရိုက်ကူးတင်ဆက်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ “We Got Married” နဲ့အပြိုင် အစီအစဉ်တခု ဖြစ်လာနိုင်ပါတယ်။
“We Got Married” ဟာ MBC က ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ အောင်မြင်ကျော်ကြားသူတွေထဲက ရွေးချယ်ပြီး လက်ထပ်ပြီးစ စုံတွဲတွေလို သရုပ်ဆောင်ရင်း စိန်ခေါ်မှုတွေကို အောင်မြင်အောင် ကြိုးစားရတဲ့ အစီအစဉ်ပါ။ ကိုရီးယားနာမည်ကျော်တွေသာမက နိုင်ငံတကာက နာမည်ကြီးတွေထိပါ ဖိတ်ခေါ်နိုင်ခဲ့တဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။
“We Got Divorced” အစီအစဉ်ရဲ့ ပထမဆုံးအပိုင်းမှာ ပါဝင်လာမယ့်သူတွေက ၁၉၇၀-၁၉၈၀ ကာလများက အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် လီယောင်ဟာနဲ့ ဆန်ဝူးအွန်ဆော့တို့ စုံတွဲပဲ ဖြစ်ပါတယ်။ ၂၆ နှစ်ကြာ အိမ်ထောင်သက်ရှိခဲ့တဲ့ သူတို့စုံတွဲဟာ အအောင်မြင်ဆုံးအချိန် ၁၉၈၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။
အိမ်ထောင်သက် ၂၆ နှစ်ကြာ ၂၀၀၇ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းထားပေမယ့် နှစ်ယောက်လုံး ဆက်ဆံရေးကောင်းပြီး အစီအစဉ်သစ်မှာ သား၊ ချွေးမတို့နဲ့အတူ အကောင်းဆုံး တင်ဆက်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိချိန်ထိ ဝါရင့်သရုပ်ဆောင် လီယောင်ဟာနဲ့ ဆန်ဝူးအွန်ဆော့ နှစ်ယောက်လုံး ရုပ်သံ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေကြပါတယ်။
Ref: KDRAMA STARS
You may also like these stories:
မကြာမီ Single သီချင်းသစ် ဖြန့်ချိဖို့ ရှိနေတဲ့ အဆိုတော် လေဒီဂါဂါ
ဖျော်ဖြေပွဲကို ရုပ်ရှင်ရုံတွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် BTS အဖွဲ့
“Boys Over Flowers” စီးရီးကို ထိုင်းသရုပ်ဆောင်များဖြင့် ပြန်ရိုက်ကူးမည်