Entertainment

လောင်းကစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မင်းသား ကွမ်ဆန်ဝူး

Want create site? Find Free WordPress Themes and plugins.

“အချစ်လှေကားထစ်လေးများ” ဇာတ်လမ်းတွဲနဲ့ မြန်မာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသား ကွမ်ဆန်ဝူးဟာ လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က လောင်းကစားမှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တာပါ။

အနုပညာသတင်းထောက် တဖြစ်လဲ YouTuber တဦးဖြစ်သူ ကင်ယောင်ဟိုက သူ့ရဲ့ ကိုယ်ပိုင် YouTube ချန်နယ်ကနေ မင်းသား ကွမ်ဆန်ဝူး တယောက် လောင်းကစားမှုတွေ လုပ်ခဲ့တယ်ဆိုတာကို စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က မင်းသားဟာ ဖျော်ဖြေရေးသမားတဦးဖြစ်သူ ရှင်ဂျန်ဟွာနဲ့ ဂမ်နမ် ရပ်ကွက်မှာ ရှိတဲ့ လောင်းကစားဒိုင်တခုမှာ အတူကစားနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရှင်ဂျန်ဟွာ အဖမ်းခံရချိန်မှာ မင်းသားဟာ ဘေးမှာ ရှိမနေဘဲ ကိုယ်လွတ်ရုန်းသွားခဲ့တယ်လို့ ပြောဆိုလိုက်တာပါ။

အဆိုပါ လောင်းကစားမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို မင်းသား ကွမ်ဆန်ဝူးရဲ့ အေဂျင်စီ Soo Company ကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ ရှင်ဂျန်ဟွာ အဖမ်းခံရချိန်မှာ မင်းသား ကွမ်ဆန်ဝူးနဲ့အတူ ရှိတာ မဟုတ်တဲ့အပြင် မင်းသားက ဘယ်တုန်းကမှ လောင်းကစားမှုတွေ မလုပ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။

“မင်းသားကို လောင်းကစားမှုနဲ့ ပတ်သက်ပြီး စွပ်စွဲနေတာတွေက တကယ့်ကို အခြေအမြစ် မရှိတာပါ။ သူတို့ဘက်က ဘာအချက်အလက်မှလည်း ပြစရာရှိတာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းကြောင့် ရုတ်တရက်ကြီး စွပ်စွဲချက်တွေ ထွက်လာလည်းဆိုတာတောင် မသိတော့ပါဘူး” လို့ မင်းသားရဲ့ အေဂျင်စီ Soo Company ဘက်က ပြောပါတယ်။

မင်းသားကို စွပ်စွဲပြောဆိုခဲ့တဲ့ YouTuber ကင်ယောင်ဟိုဟာ အနုပညာသတင်းထောက်လည်းဖြစ်တာကြောင့် သူ့ကိုယ်ပိုင် YouTube ချန်နယ်ကို အနုပညာသတင်းတွေအတွက် ယုံကြည် စိတ်ချရတယ်ဆိုကာ Subscribe ပြုလုပ်ထားသူ ၄၀၀,၀၀၀ ကျော် ရှိပါတယ်။

ယခင်ကလည်း အဆိုပါ ကင်ယောင်ဟိုရဲ့ YouTube ချန်နယ်ကနေ AOA အဖွဲ့ဝင်ချင်း အနိုင်ကျင့်နှိပ်စက်မှုတွေ အပါအဝင် သရုပ်ဆောင် ဆိုယဲဂျင်းနဲ့ ကင်ဆိုဟွန်းတို့ တွဲနေတယ်ဆိုတဲ့အထိ သတင်းတော်တော်များများ ထုတ်ဖော်ခဲ့ဖူးပါတယ်။

မင်းသားရဲ့ အေဂျင်စီဘက်ကတော့ သတင်းမှားတွေသာ ဆက်လက် ထွက်ပေါ်နေမယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူသွားဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မင်းသား ကွမ်ဆန်ဝူးဟာ မစ် စကိုရီးယားမယ်ဟောင်း၊ မင်းသမီး ဆွန်တေယောင်းနဲ့ လက်ထပ်ထားပြီး သားတယောက်၊ သမီးတယောက် ရှိပါတယ်။

Ref: Koreaboo, MottoKorea

Did you find apk for android? You can find new Free Android Games and apps.
Loading