မင်းသား Tom Hanks ဟာ “Forrest Gump” ထုတ်လုပ်ရေး ကုန်ကျစရိတ် တချို့တဝက်ကို အိတ်စိုက်အနေနဲ့ ကူညီဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါရိုက်တာ Robert Zemeckis က ကုန်ကျစရိတ်ကိုသူနဲ့အတူ ခွဲဝေ ကျခံဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ကမ္ဘာကျော်လာမယ့် အဲ့ဒီရုပ်ရှင်အတွက် ကုန်ကျစရိတ်ကို ကျခံပေးခဲ့တာ ဖြစ်တယ်လို့ မင်းသား Hanks က ဆိုပါတယ်။
“In Depth with Graham Bensinger” အစီအစဉ်မှာ မင်းသား Hanks က “အဲ့ဒီတုန်းက ဒေါ်လာတော်တော်များများ ကုန်ကျခဲ့မှာလေ။ ဈေးများခဲ့တယ်။ ပြီးတော့ ကျနော်က ကောင်းပြီလေလို့ ပြောလိုက်တယ်။ သူက ပြောတယ်။ ကျနော်နဲ့ သူ အဲ့ဒီပမာဏကို မျှခံကြမယ်တဲ့။ ကျနော်တို့ Paramount ကို ပြန်ပေးကြမယ်တဲ့လေ” လို့ ဆိုပါတယ်။
မင်းသားက “ကျနော်တို့ ခင်ဗျားကို ပိုက်ဆံပြန်ပေးမယ်တဲ့။ ဒါပေမဲ့ Paramount ကတော့ အမြတ်ငွေကို နည်းနည်းလေးပိုပြီး ဝေပေးရမယ် လို့ပြောလိုက်တယ်။ အဲ့ဒီအခါ စတူဒီယိုကလည်း ကောင်းပြီလေလို့ ပြန်ပြောတယ်။ ကျနော်တို့အတွက် ကောင်းသွားတာပေါ့” လို့ ဆိုပါတယ်။ “Toy Story” မင်းသား Hanks က အာမခံကြေး ကုန်ကျစရိတ်အတွက်လည်း ကူညီခဲ့ပါတယ်။
သူက “အခြေအနေကတော့ ကျနော်တို့ အာမခံကြေး မပေးနိုင်ဘူးလို့ စတူဒီယိုက ပြောတယ်။ ဒါ့ကြောင့် ရိုက်လို့ မရဘူးတဲ့။ Bob နဲ့ ကျနော်က အာမခံကြေးကို ပေးမယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျနော်တို့ ရိုက်ကူးခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ဟောလိဝုဒ် ဂန္တဝင်သရုပ်ဆောင် Hanks က Forrest အတွက် ဈာန်ဝင်ဖို့ အချိန်အနည်းငယ်လောက် ယူခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းသားက “မင်းဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ငါသိတယ်လို့ Bob က ပြောတယ်။ ရိုက်ကူးရေး မစခင်မှာ ဘယ်လောက်တောင် သတိကြီးကြီးထားပြီး စိတ်ရှုပ်နေတယ်ဆိုတာ ငါသိတယ်လို့ ပြောတယ်။ ကျနော် အဆင်မပြေလောက်ဘူးထင်လို့ ပထမဆုံး ၃ ရက်လောက် ရိုက်ထားတာတွေ အားလုံးကို မသုံးဘူးလို့လည်း ပြောတယ်”
“ခင်ဗျား ဇာတ်ကောင်နဲ့ အံမဝင်သေးဘူးတဲ့။ ကျနော်ကလည်း ဟုတ်တယ်။ ကျနော် အံမဝင်သေးဘူး။ ခင်ဗျားပြောတာ မှန်တယ်။ သူကတော့ အရမ်းကြီးမကြိုးစားပါနဲ့လို့ ပြောတယ်” လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“Forrest Gump” ထုတ်လုပ်သူ Wendy Finerman ကတော့ ဖန်တီးသူတွေက လိုအပ်တဲ့ ဘတ်ဂျက်ကို မချပေးနိုင်တဲ့အတွက် ဒီနေ့ ဒီအချိန်အထိ ရုပ်ရှင်ရုံတွေမှာ ပြသနိုင်မယ့် ရုပ်ရှင်ဖြစ်လာမယ်လို့ မထင်ခဲ့မိကြောင်း ပြောဆိုခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့အဲ့ဒီရုပ်ရှင်ဟာ ဟောလိဝုဒ်ရဲ့ ဂန္တဝင်ရုပ်ရှင်ဖြစ်လာခဲ့ပြီး အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ မင်းသား Hanks အတွက် အကောင်းဆုံး မင်းသားဆု အပါအဝင် အကယ်ဒမီဆု ၆ ခု ရရှိခဲ့ပါတယ်။
“Forrest Gump” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ ၆၇၇ သန်း ရရှိခဲ့ပေမယ့် အဲ့ဒီရုပ်ရှင်ကို ဖန်တီးဖို့ အချိန် ၉ နှစ်ယူခဲ့ရတဲ့ ထုတ်လုပ်သူ Finerman ကတော့ စတူဒီယိုတွေက ရင်းနှီးမြှုပ်နှံငွေနဲ့ အကျိုးအမြတ် ပြန်ရနိုင်ချေရှိတဲ့ နာမည်ကျော် ရုပ်ရှင်တွေအတွက်သာ ငွေတွေ ပုံအောချင်တဲ့အတွက်ကြောင့် သူ့ရဲ့ ရုပ်ရှင်ဟာ ဘတ်ဂျက်ဖြစ်တဲ့ ဒေါ်လာ ၅၅ သန်းတောင် ပြန်ရဖို့ ခက်ခဲနိုင်တယ်လို့ ယုံကြည်ခဲ့ကြောင်း သိရပါတယ်။
Ref: asiaone
You may also like these stories:
“Black Widow” ရုပ်ရှင် ရုံတင်မယ့်ရက်ကို Disney နောက်ဆုတ်
၆ လကြာ ရပ်နားထားတဲ့ “Fantastic Beasts 3” ရုပ်ရှင် ရိုက်ကူးရေး ပြန်စပြီ
အစီအစဉ် နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့သမျှအတွက် Ellen DeGeneres တောင်းပန်