ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဖြစ်သူဟာ စက်တင်ဘာ ၂၇ ရက်နေ့က COVID–19 ရောဂါ ကုသရေးဌာန (ဖောင်ကြီး) မှာ ဆုံးပါးသွားတယ်လို့ သိရပါတယ်။
“ကျနော် ပါပါးကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ ဟိုနေ့က ဆေးရုံမှာပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင် ပြောမယ်လို့ တွေးထားတာ။ မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျနော် ဘာဖြစ်မှန်းတောင် မသိတော့ဘူး။ ဂျပန်ဆေးရုံ ICU မှာ ၅ ရက်တိတိ နေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကို ရွှေ့မယ့်အချိန် တယောက်တည်း လွှတ်ရတာကို တော်တော်ကြီး စိတ်က မကောင်းဘူး” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၉ ရက်က အစာမကြေ ရင်ပြည့်၍ ၈ ရက်မြောက်နေ့မှာတော့ ဖျားတာကြောင့် ဂျပန်ဆေးရုံမှာ ပြခဲ့ရပြီး Swab Test ယူခဲ့ရာမှ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဟာ COVID-19 ရောဂါ Positive ဖြစ်ခဲ့ပါတယ်။
ကိုဗစ် ကုသရေး ဆေးရုံများ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာပဲ ၃ ရက် နေခဲ့ရပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ ဖောင်ကြီးကို ရောက်ကာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။
“သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က Video call ပြောတော့လည်း သေချာ ချော့မော့ ပြောပေမယ့် မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာ တွေ့ရတော့ အရမ်းဝမ်းနည်းတယ်။ လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေ ရင်ပြည့်ပြီး နုံးတယ်။ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း အောက်စီဂျင် ကျလို့ နောက်နေ့ ဂျပန်ဆေးရုံ သွားပြတယ်။ ICU ထဲ ရောက်တယ်။ ကျနော်ဘေးကနေ စောင့်ပေးတယ်။ Swab Test လုပ်တယ်”
“နောက်နေ့ ကိုဗစ် Positive ထွက်တယ်။ အိမ်မှာ စောင့်နေတဲ့ အမေကို Quarantine ခေါ်သွားတယ်။ ကိုဗစ် ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက် ထပ်နေတယ်။ မနေ့က ဖောင်ကြီးကို ခေါ်တယ်။ ကျနော် Q ဝင်ရတယ်။ ဒီနေ့ အဖေ ဆုံးတယ်။ အရမ်းမြန်လွန်းတယ်” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဒီလို အဖြစ်အပျက်ကြီးတခုကြောင့် COVID-19 ရောဂါကိုလည်း ကြောက်သွားခဲ့ပြီး မိဘဖြစ်တာကြောင့်လည်း ဖြည်မဆည်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကိုဗစ်ကို အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။ ကိုယ်တိုင်က ဘယ်မှ မသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျနော် တချက် ပေါ့မိပါတယ်။ ကျနော် ညံ့ပါတယ်” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
မိခင်ဖြစ်သူနဲ့ သူကိုယ်တိုင်လည်း Quarantine ဝင်နေရပြီး ကိုယ်တိုင်က ဖခင် နေမကောင်းစဉ်က ICU ထဲမှာ ၅ ရက်လုံး ရှိနေပေးခဲ့တာကြောင့် ပိုးပိုရှိနိုင်ပြီး မိခင်ဖြစ်သူ အန္တရာယ်ကင်းဖို့ကလည်း ဆုတောင်းထားပါတယ်။
“အမေနဲ့ ကျနော်လည်း မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ ကျနော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျနော်ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ် ကင်းပါစေ” လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ်က ညီဖြစ်သူ ဆုံးပါးသွားခဲ့ပြီး အဲ့လို အဖြစ်ဆိုးမျိုး ထပ်မကြုံပါရစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့ဘဲ ဖခင်ဖြစ်သူကို သွားရောက်တွေ့လို့ပင် မရခဲ့ဘူးလို့ သိရပါတယ်။
“၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေ့ကို သွားတောင် တွေ့လို့မရတော့တာ တော်တော် ဆိုးပါတယ်” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
အဆိုပါ အကြောင်းအရာများကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက သူ့ရဲ့လူမှုကွန်ရက် အကောင့်မှတဆင့် မျှဝေပေးခဲ့တာဖြစ်ပြီး တခြားသူများ သင်ခန်းစာ ယူနိုင်အောင်နဲ့ သူ့ဘဝမှာ အမြဲနောင်ကျဉ်နေအောင် ရေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့်ကို ချစ်တဲ့သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ်ကို ရည်းစူးပြီး မေတ္တာပို့ အမျှဝေပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ “ည” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြုခံခဲ့ရတဲ့ လူငယ်ဒါရိုက်တာတဦးဖြစ်ပြီး “သူစိမ်းအိမ်” ၊ ရုံမတင်ရသေးတဲ့ “လရဲ့အောက်ဘက်မိုင်အဝေး “ ၊ “Yangon In Love” တို့ကို ရိုက်ကူးထားသူတယောက် ဖြစ်ပါတယ်။
You may also like these stories:
အင်းစိန်ရွာမ စာသင်တိုက်ရှိ သံဃာနှင့် လူ ၂၇၉ ဦး တွင် ကိုဗစ်ပိုး ထပ်တွေ့
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ
အစ်မရဲ့ ကလေးများကို စောင့်ရှောက်ရင်း COVID-19 ကူးစက်ခဲ့တဲ့ မောင်