အခုလို ကိုဗစ်ကာလမှာ အလွှာစုံမှာရှိတဲ့ လူအများစုဟာ စီးပွားရေး အခက်အခဲတွေ များစွာ ရှိနေကြပါတယ်။ ဒီထဲမှာမှ LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူများ) ဟာလည်း အခက်အခဲတွေနဲ့ ကြုံနေကြတဲ့အတွက် ဘဝတူ မိန်းမလျာတွေကို လှူဒါန်းဖို့ Makeup Artist ဆူးက သူ့ရဲ့အဝတ်အစားများကို အွန်လိုင်းကနေ Live လွှင့်ကာ ရောင်းချလျက်ရှိပါတယ်။
“ဆူးလိုပဲ ဘဝတူ မိန်းမလျာလေးတွေ တချို့က အခက်အခဲရှိတာတွေကို အကူအညီ တောင်းကြတယ်။ Facebook မှာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ်ပေါ့။ ကိုယ်လည်း ဒီအချိန်မှာ အဆင်မပြေဘူးလေ။ အရမ်းချမ်းသာနေတဲ့သူ မဟုတ်တော့ တတ်နိုင်တာလေး လုပ်ချင်တယ်။ ပိုက်ဆံရှာရမယ်ဆိုတော့ အလုပ်လည်း မရှိဘူးလေ”
“အဲ့တော့ ဆူးဝတ်ပြီးသား အဝတ်တွေ တခါလောက် ပွဲတက်ဝတ်ပြီးသား ရှိတယ်။ ချည်ထည်တွေလည်း အများကြီးရှိတယ်ဆိုတော့ ရောင်းမယ်ပေါ့။ ၅၀၀၀၊ ၁ သောင်းနဲ့ ရောင်းပြီး ငွေရှာမယ်ပေါ့။ တတ်နိုင်သလောက် လှူမယ်ဆိုပြီး ဆူးရဲ့ဖန်တွေကို အကြံဉာဏ် တောင်းလိုက်တာ” လို့ မိတ်ကပ် ဆူးက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “သူတို့ကို အကြံဉာဏ်တောင်းတော့ လာလှူကြရင်းနဲ့ လူပေါင်း အယောက် ၂၂၀ ကျော်စာလောက် ဖြစ်သွားတာပေါ့။ ဆန်၊ ဆီ ၊ငါးသေတ္တာတို့၊ ခေါက်ဆွဲတို့၊ Mask တွေရော လှူဖြစ်သွားပါတယ်” လို့ ပြောပါတယ်။
“သိန်း ၂၀ ကျော်၊ ၃၀ ဖိုးရှိပြီ ထင်တယ်။ ဆူးအင်္ကျီက သိပ်မရောင်းရဘူး။ ဆူးက ၇ သိန်းကျော်ပဲ ရောင်းရတယ်။ ဟိုကလှူ၊ ဒီကလှူနဲ့ အကုန်လုံးတွက်လိုက်ရင် သိန်း ၂၀ ကျော်လောက် ရှိတယ်။ ဒါတောင်မှ ဆန်အိတ်တွေကို ဆူးအိတ်ထဲက စိုက်လှူရတာ။ ဘာပဲပြောပြော အလှူလေးတခု ဖြစ်မြောက်တာ ဝမ်းသာပါတယ်။ တချို့ကျတော့လည်း မရကြဘူးတဲ့။ သမီးတို့က တကယ် မရှိတာဆိုပြီး ပြောကြတယ်”
“တချို့တွေကျတော့လည်း ဆူးဘက်က လိုအပ်တာတွေ ရှိမှာပေါ့။ ဆူးဘက်ကလည်း ပထမဦးဆုံးအကြီးကျယ်ဆုံးအလှူလို့ ပြောလို့ရတယ်။ ဒီလို ဦးဆောင်ပြီး မလှူဖူးဘူး။ ပင်ပန်းလည်း ပျော်တယ်။ တခါတလေတော့ လိုအပ်ချက်ရှိရင် တောင်းပန်ပါတယ်” လို့ မိတ်ကပ် ဆူးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ LGBT အသိုင်းအဝိုင်းမှလည်း “ဆေးရောင်ခြယ် တွဲလက်တဖက်” ဆိုတဲ့ အစီအစဉ်နဲ့ အလှူပြုလုပ်တဲ့ထဲမှာလည်း ပါဝင်ရန် ဖိတ်ခေါ်တာကြောင့် Facebook မှာ Live လွှင့်ကပြပြီး အလှူခံတဲ့အစီအစဉ်မှာ ပါဝင်ခဲ့ပါသေးတယ်။
“အဲ့နောက်ပိုင်းမှာမှ ရန်ကုန်က တွဲလက်တဖက် ဆိုတဲ့ ပရဟိတအဖွဲ့ကနေမှ သူတို့လည်း ရန်ကုန်က LGBT တွေအတွက် ပရဟိတ လုပ်တယ်။ အလှူ ခံတယ်။ ကပြပါဦးတဲ့။ Live လွှင့်ပြီးကပြရမှာ။ Tiktok သာ ဘယ်လိုနေနေ ရတာ။ Live ကြီးထဲမှာ ကျတော့လည်း ရပါတယ်ပေါ့။ လက်ခံပေးလိုက်တာပေါ့။ ဝမ်းသာပါတယ်။ LGBT မှ မဟုတ်ပါဘူး။ ဘယ်သူမဆိုပါ။ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အခက်အခဲဖြစ်လာရင် ကိုယ်တတ်နိုင်ဘက်က ကူညီလို့ရရင် ကူညီမှာပါ”
“အဓိကကတော့ ဘဝတူ မိန်းမလျာလေးတွေပါ။ သူတို့မှာက လုပ်ငန်း အခွင့်အလမ်း နည်းပါးတယ်။ ဒီအချိန်မှာကျတော့ မိတ်ကပ်လည်း မလိမ်းရဘူး။ မိတ်ကပ်ရာသီ ရောက်တော့မှာ ဆိုပေမယ့် ဘယ်ပွဲလမ်းသဘင်မှ မရှိတော့တဲ့အတွက် အကုန်လုံးက ခက်ခဲကြတယ်ဆိုတော့ တတ်နိုင်သလောက် ကူပေးရတာ ဝမ်းသာပါတယ်” လို့ ဆူးက ပြောပါတယ်။
ဆူး ကိုယ်တိုင်လည်း ဒီကာလမှာ ပွဲလမ်းသဘင်တွေ မရှိတာကြောင့် အလုပ်အကိုင် နည်းပါးပေမယ့် အွန်လိုင်းပေါ်မှာ ကြော်ငြာများ ၊ ရီဗျူးများနဲ့ ကိုယ်တိုင် ဟင်းချက်ရောင်းတာတွေကို တဖက်တလမ်းက လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
မိတ်ကပ် ဆူးကတော့ မန္တလေးမှာ နေထိုင်တဲ့ Makeup Artist တယောက်ဖြစ်ပြီး Facebook မှာ Live များလွှင့်ရာမှ လူအများ သဘောကျခဲ့ကြသူတယောက် ဖြစ်ပါတယ်။
You may also like these stories:
LGBT တွေကို မခွဲခြားဘဲ နွေးနွေးထွေးထွေး ဆက်ဆံတဲ့ နိုင်ငံများ
“LGBT ကို ခုတုံးလုပ်တယ်”ဆိုတဲ့ ဝေဖန်မှုတွေအပေါ် အလှမယ် ဆွေဇင်ထက် ဘာပြောလဲ
“မိန်းမလျာတွေကို မြင်ရင် ပျော်စေချင်တဲ့ စိတ်နဲ့ ဖျော်ဖြေခဲ့တာပါ”